Local News

ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ငါးခြောက်ပိဿာချိန် ၅၀၀၀ တင်ပို့နေရ

Last Updated:

       ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ငါးခြောက်ပိဿာချိန် ၅၀၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း ပုသိမ်မြို့မှ ငါးခြောက်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြ၍သိရသည်။ ဧရာဝတီတိုင်းဒေသကြီးမှ ငါးခြောက်မျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်များသည် ဒေသထွက်ငါးခြောက်များကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိတစ်ရက်လျှင် ငါးခြောက်ပိဿာချိန် ၃၅၀၀ မှ ၅၀၀၀ ထိ တင်ပို့ရောင်းချနေရပြီး ပြီးခဲ့သည့် မတ်လနှင့် ဧပြီလက ငါးခြောက်မျိုးစုံ ပိဿာချိန် ၂၄၀၀ မှ ၃၀၀၀ ထိသာ တင်ပို့ရောင်ချခဲ့ရကြောင်း သိရသည်။

     “ဒီဘက်က ငါးခြောက်တွေကို ရန်ကုန်ဘက်ကိုပဲ တင်ပို့ရောင်းချတာပါ။ ရန်ကုန်ဘက်က ဈေးကောင်းရသလို ကုန်ပစ္စည်းတွေတင်ပို့ရောင်းချတဲ့အခါမှာလဲ အခက်အခဲမရှိပါဘူး။ လက်ရှိ ငါးခြောက်တွေကို မေလ ပထမပတ်လောက်ကနေစတင်ပြီး ဝယ်လိုအားက သိသိသာသာ လိုက်လာပါတယ်။ ရန်ကုန်ဘက်ဝယ်လက်တွေက ငါးခြောက်တွေ ဝယ်ယူအားကောင်းနေပါတယ်။ အရင်က ငါးခြောက်တွေကို သုံးရက်တစ်ကြိမ်၊ လေးရက်တစ်ကြိမ် တင်ပို့ရောင်းချရတာပါ။ အခုကျတော့ နေ့စဉ်ဝယ်ယူအားကောင်းလာပါတယ်။ ပြည်တွင်းမှာကို  ရောင်းအား ရှိနေတာပါ။ ပြည်တွင်း မိုးကာလစားသုံးဖို့အတွက် အခုလို ဝယ်ယူနေကြတာပါ” ဟု ဒေါ်နီနီဝင်း ကပြောပြသည်။

       ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ လက်ရှိ ငါးကွမ်းရှပ်၊ ငါးလိပ်ကျောက်၊ ငါးဖောင်ရိုး၊ ငါးပြေမ၊ ငါးနီတူး၊ ငါးပုတ်သင်စသည့် ငါးခြောက်များကို တင်ပို့ရောင်းချ နေရကြောင်း၊ အဆိုပါ ငါးခြောက်ဈေးနှုန်းများမှာ ငါးကွမ်းရှပ်တစ်ပိဿာလျှင် ငွေကျပ် ၄၂၀၀၀၊ ငါးလိပ်ကျောက်တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀၊ ငါးဖောင်ရိုးတစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀၀၊ ငါးပုတ်သင် တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀၀၊ ငါးပြေမ တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀၀၊ ငါးနီတူးတစ်ပိဿာလျှင် ငွေကျပ် ၃၂၀၀၀၊ အာပဲ့ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၂၅၀၀၊ ငါးမြွေထိုး တစ်ပိဿာလျှင် ငွေကျပ် ၂၆၅၀၀၊ ငါးရောင် တစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀၀ ဈေးရှိကြောင်း ပုသိမ်မြို့မှ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်နီနီဝင်းက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News