Local News

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်မြှင့်တင်မှုနှင့်စပ်လျဉ်းသည့် နည်းပညာပေး သင်တန်းဖွင့်လှစ်ခြင်း

Last Updated:

လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် “ရော်ဘာအရည် အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက်သုတေသန ပြုလုပ်ခြင်း စီမံကိန်း” ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  “မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်မြှင့်တင်မှု တို့နှင့် စပ်လျဉ်းသည့် နည်းပညာ ပေးသင်တန်း”ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉:၀၀ နာရီ အချိန်၌ မော်လမြိုင်မြို့ ဇမ္ဗူကျော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိ သူများ၊ မော်လမြိုင်မြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် တာဝန်ရှိ သူများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ စုစုပေါင်း(၇၀) ဦးခန့် တက်‌ရောက်ခဲ့ ကြပါ သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းတို့က အဖွင့်အမှာစကား အသီးသီး ပြေားကြား ခဲ့ကြပါသည်။

သင်တန်းအစီအစဉ်ကို နံနက် (၁၀:၀၀) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ရာ သင်တန်းတွင်  မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ရေရှည်တည်တံ့သော သဘာဝရော်ဘာဖွံ့ဖြိုးတိုးတက်ရေး၊ ရော်ဘာ အရည်အသွေး တိုးတက်မြင့်မားရေး၊ ဈေးကွက်နှင့် ဈေးနှုန်းပိုမိုရရှိနိုင်ရေး၊ မြန်မာ့သဘာဝ ရော်ဘာရေရှည် တည်တံ့မှု ဖော်ဆောင်ရေးလုပ်ငန်း စဉ်များ၊ ရော်ဘာအရည်အသွေးမြှင့်တင်ရေး၊ ဒေသတွင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချမှုနှင့် အရည်အသွေးအခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရော်ဘာ အသင်းအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးပို့ချခဲ့ပါသည်။

သင်တန်းဒုတိယနေ့အစီအစဉ်ကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် မော်လမြိုင်မြို့နှင့် မုဒုံမြို့နယ်တို့ရှိ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သည့် ရော်ဘာစိုက်ခင်းများ၊ ခေတ်မီရော်ဘာ ထုတ်လုပ်ရေး စက်ရုံ/ အလုပ်ရုံများသို့ လက်တွေ့ ကွင်းဆင်း လေ့လာရေး သွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News