International News

အိုက်စလန်နိုင်ငံမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို သဘောတူ လက်ခံခဲ့ပြီး ရန်ပုံငွေ ဆွစ်ငွေကြေး CHF ၅၀၀,၀၀၀ ထည့်ဝင်မည်ဟု ကတိပြု

Last Updated:

       အိုက်စလန်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို ၂၀၂၃ ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် တရားဝင်လက်ခံခဲ့သည့် ဆဋ္ဌမမြောက်နိုင်ငံဖြစ်လာခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွန်ကြားရေးမှူးချုပ် Dr. Ngozi Okonjo-Iweala နှင့် ဒုတိယအကျော့ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အိုက်စလန်နိုင်ငံမှ သံအမတ်ကြီး Einar Gunnarsson တို့က သဘောတူညီချက်အသက်ဝင်မှုသည် သမုဒ္ဒရာရေရှည်တည်တံ့ရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အတွက် အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့သည်။ အိုက်စလန်နိုင်ငံ၊ သံအမတ်ကြီး Gunnarsson က ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ငါးလုပ်ငန်းရန်ပုံငွေအတွက် အိုက်စလန်နိုင်ငံမှ ဆွစ်ဖရန့် CHF ၅၀၀,၀၀၀ လှူဒါန်းမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

       ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွန်ကြားရေးမှူးချုပ် Dr. Ngozi Okonjo-Iweala က အဆိုပါသဘောတူညီချက်အပေါ် အိုက်စလန်နိုင်ငံ၏ သဘောတူလက်ခံခြင်းနှင့် ငါးလုပ်ငန်းဆိုင်ရာရန်ပုံငွေအတွက် ဆွစ်ဖရန့် CHF ၅၀၀,၀၀၀ လှူဒါန်းရန်ကတိပြုခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ အိုက်စလန်နိုင်ငံသည် မူဝါဒရေးရာပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် ရေရှည်တည်တံ့သော ငါးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ အရေးပါသော သင်ခန်းစာအတွေ့အကြုံများကို မျှဝေနိုင်ခဲ့ကြောင်း၊ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်နှင့် ဒုတိယအကြိမ်စေ့စပ်ညှိနှိုင်းမှု အပြီးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသော သံအမတ်ကြီး Einar Gunnarsson အားလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

     အိုက်စလန်နိုင်ငံမှ သံအမတ်ကြီး Einar Gunnarsson က “ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို လက်ခံကြောင်းအကြောင်းကြားစာ ပေးအပ်နိုင်ခြင်းအတွက် အလွန်ဝမ်းမြောက်ကြောင်း၊ အိုက်စလန်နိုင်ငံသည် ငါးဖမ်းနိုင်ငံဖြစ်သည့်အလျှောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းဆိုင်ရာသဘောတူညီချက် အောင်မြင်မှုရရှိ၍ အထောက်အပံ့အဖြစ်ပါဝင်မှုသည် အရေးကြီးကြောင်း၊ ထို့ကြောင့် သဘောတူညီချက်ကို အောင်မြင်မှုရရန်နှင့် အကောင်အထည်ဖော်နိုင်ရေး အထောက်အကူဖြစ်စေရန်အတွက် ဆွစ်ဖရန့် CHF ၅၀၀,၀၀၀ ထည့်ဝင်မည်ဟု ကတိပြုနိုင်ခြင်းအပေါ် ကျေနပ်ပျော်ရွှင်ကြောင်း ပြောကြားခဲ့ ပါသည်။

      ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ (MC12) တွင် တူညီဆန္ဒဖြင့် သဘောတူညီခဲ့သည့် ငါးလုပ်ငန်းထောက်ပံ့ကူညီမှုဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာတဝှမ်း ငါးလျော့နည်းလာစေသည့် အထောက်အပံ့များ မပေးရေးအတွက် ကဏ္ဍစုံစည်းမျဉ်းသစ်များ ပါဝင်ပါသည်။ ယင်းသဘောတူညီချက်စတင် အသက်ဝင်နိုင်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံအားလုံး၏ သုံးပုံနှစ်ပုံမှ သဘောတူညီရန် လိုအပ်ပါသည်။

      အဆိုပါသဘောတူညီချက်တွင် တရားမဝင်သော၊ စာရင်းမပါရှိသော ဥပဒေအရထိန်းကြောင်းခြင်းမရှိသည့် ငါးဖမ်းခြင်းများ (illegal, unreported and unregulated - IUU) အတွက် အထောက်အပံ့များကို တားမြစ်ခြင်း၊ ငါးလျော့နည်းလာစေသည့် အလွန်အကျွံ ငါးဖမ်းမှုကို တားမြစ်ခြင်းနှင့် ကမ်းဝေးပင်လယ်ပြင်တွင် စည်းကမ်းလိုက်နာမှုမရှိသော ငါးဖမ်းခြင်းအတွက် အထောက်အပံ့များကို အဆုံးသတ်စေခြင်းတို့ပါဝင် သည်။ အဖွဲ့ဝင်နိုင်ငံများမှ လက်ရှိသဘောတူညီချက်အပေါ် ထပ်မံပြင်ဆင်ပြဋ္ဌာန်းလိုသည့် အချက်များနှင့် အကြံပြုချက်များရရှိနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းဆွေးနွေးရန်နှင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် (၁၃) ကြိမ်မြောက် ဝန်ကြီးများအဆင့် ညီလာခံ (MC13) တွင် တင်ပြရန် MC12 ၌ သဘောတူညီခဲ့ပါသည်။

Source: www.wto.org

https://commerce.gov.mm

Category: International News