International News

ဂျပန်အစိုးရမှ အရန်ဆန်များ ထုတ်ရောင်းပေးမှု ကျဆင်းလာသည့်အတွက် ဆန်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာလျက်ရှိ

Last Updated:

   ဈေးနှုန်းချိုသာသည့် အရန်ဆန်များကို ဂျပန်အစိုးရမှ ထုတ်ရောင်းပေးမှုမှာ ကျဆင်းလာသည့်အတွက် ဂျပန်နိုင်ငံ၏ စတိုးဆိုင်များတွင် ရောင်းချသည့် ဆန်ဈေးနှုန်းများမှာ လွန်ခဲ့သည့် ရက်သတ္တပတ်နှင့် နှိုင်းယှဉ်ပါက ၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် ရက်သတ္တ ၁၀ ပတ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်ခဲ့ကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ၅-၈-၂၀၂၅ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Rice price edges up again as impact of reserve release fades” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။
   အဆိုပါ သတင်းတွင် အခွန်ကျသင့်ငွေ ထည့်သွင်းတွက်ချက်ပြီးသည့် ဆန် ၅ ကီလိုဂရမ် ၁ အိတ်၏ ပျမ်းမျှဈေးနှုန်းမှာ ၂၁-၇-၂၀၂၅ ရက်နေ့မှ ၂၇-၇-၂၀၂၅ ရက်နေ့အထိ ရက်သတ္တ ၁ ပတ်တာကာလအတွင်း ၃,၆၂၅ ယန်း (အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ) ရှိခဲ့ကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၄၀ ယန်း များပြားလာခဲ့ကြောင်း ဖော်ပြထားသည်။
   အပတ်စဉ်ထုတ်ပြန်လျက်ရှိသည့် ဂျပန်နိုင်ငံ၏ ပျမ်းမျှဆန်ဈေးနှုန်းမှာ ဂျပန်နိုင်ငံတစ်ဝန်းရှိ စတိုးဆိုင် ၁,၀၀၀ ကျော်တွင် လက်လီရောင်းချသည့် ဆန်ဈေးနှုန်းများကို သုတေသနကုမ္ပဏီက ပျမ်းမျှတွက်ချက်၍ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ ဂျပန်အစိုးရမှ အရန်ဆန်များ ထုတ်ရောင်းပေးမှု နှေးကွေးလာခြင်းကြောင့် ဂျပန်နိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်းနှင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
   အမှတ်တံဆိပ်ပါရှိသည့် ဆန်များ၏ ဈေးနှုန်းမှာ ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၄,၂၄၇ ယန်း ရှိခဲ့ပြီး၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၁၇ ယန်း (၀.၄ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်းနှင့် ၂ ပတ်တာအတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
   အစိုးရမှ ထုတ်ရောင်းပေးသည့် အရန်ဆန်များ အပါအဝင် ဈေးနှုန်းချိုသာသည့် ဆန်များမှာမူ ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၃,၁၃၃ ယန်း ရှိခဲ့ပြီး၊ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၄၅ ယန်း (၁.၅ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။ 
   ဂျပန်နိုင်ငံရှိ ဆန်များအားလုံး၏ ပျမ်းမျှဆန်ဈေးမှာ ၁၂-၅-၂၀၂၅ ရက်နေ့မှ ၁၈-၅-၂၀၂၅ ရက်နေ့အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး၊ ဆန် ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၄,၂၈၅ ယန်းရှိခဲ့ကြောင်းနှင့် အဆိုပါဈေးနှုန်းမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂ ဆကျော် မြင့်တက်ခဲ့ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ယခင်က အစိုးရ၏ အရန်ဆန်များကို လေလံစနစ်ဖြင့် ရောင်းချပေးခဲ့ရာမှ နောက်ပိုင်းတွင် စတိုးဆိုင်များနှင့် လက်လီအရောင်းဆိုင်များထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ အစိုးရမှ ရောင်းချပေးခဲ့သည့် အရန်ဆန်များကို စတိုးဆိုင်များအနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလမှ စတင်၍ ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၂၀၀၀ ယန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ ဈေးနှုန်းချိုသာသည့် အရန်ဆန်များ ဈေးကွက်အတွင်း ဝင်ရောက်လာသည်နှင့်အမျှ ဆန်ဈေးနှုန်းမှာ ကျဆင်းခဲ့ကြောင်း၊ သို့သော် အရန်ဆန်များ ထုတ်ရောင်းပေးမှု နှေးကွေးလာခဲ့သည့် ဇူလိုင်လမှ စတင်၍ ဆန်ဈေးနှုန်းများမှာ ဆက်လက်ကျဆင်းခြင်းမရှိဘဲ တန့်နေခဲ့ကြောင်း ဖော်ပြထားသည်။ 
   ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာအနေဖြင့် နိုင်ငံအတွင်း ဆန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် ဆယ်စုပေါင်းများစွာ ကျင့်သုံးခဲ့သည့် ဆန်ထုတ်လုပ်မှုလျှော့ချရေးမူဝါဒကို ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ခေတ်မီနည်းပညာများ အသုံးပြုခြင်းနှင့် အကြီးစား စိုက်ပျိုးထုတ်လုပ်ခြင်းအပါအဝင် ဆန်အထွက်နှုန်းမြှင့်တင်နိုင်မည့် နည်းလမ်းများကို ချမှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
   ဆန်ဝယ်လိုအား ကျဆင်းလာနိုင်သည့်အတွက် အစိုးရအနေဖြင့် ဆန်ပိုလျှံမှုကို ကာကွယ်နိုင်ရေးနှင့် ဆန်ဈေးနှုန်း ပျက်ယွင်းမှုများ မဖြစ်ပေါ်စေရေးအတွက် ၁၉၇၀ ပြည့်နှစ်များတွင် စပါးစိုက်ဧက လျှော့ချရေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ မူဝါဒသည် စပါးစိုက်ပျိုးသည့် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ဆိုးကျိုးသက်ရောက်စေမှုကြောင့် ၂၀၁၈ ခုနှစ်တွင် ဖျက်သိမ်းခဲ့ကြောင်း၊ သို့သော် အစိုးရအနေဖြင့် စားသုံးရန်အတွက် ထုတ်လုပ်ခြင်းအစား တိရစ္ဆာန်အစာအဖြစ် ထုတ်လုပ်မည့် စပါးစိုက်တောင်သူများအပေါ် ထောက်ပံ့ကြေးများပေးခြင်း အပါအဝင် ဈေးကွက်အတွင်း ရောင်းချနိုင်သည့် ဆန်ပမာဏကို ထိန်းချုပ်ခြင်းဖြင့် အဆိုပါ မူဝါဒကို ဆက်လက်ပံ့ပိုးခဲ့ကြောင်း ဖော်ပြထားသည်။ 
   ဂျပန်အစိုးရအနေဖြင့် ၁၉၇၀ ပြည့်နှစ်တွင် စပါးစိုက်ဧက လျှော့ချရေးမူဝါဒ (Acreage Reduction Policy) ကို ကျင့်သုံးခဲ့ကြောင်း၊ ဆန်ဈေးနှုန်းမြင့်မားစေရေးမူဝါဒအရ နိုင်ငံအတွင်း ဆန်ထုတ်လုပ်မှု လျှော့ချစေရေးအတွက် ဆန်စပါးစိုက်ပျိုးသည့် လယ်သမားများကို အစိုးရမှ ထောက်ပံ့ကြေးများပေးကာပင် ဆောင်ရွက်ခဲ့သည်။ နှစ်ပေါင်း ၅၀ ကျော်ကြာ ကျင့်သုံးခဲ့သည့် စပါးစိုက်ဧက လျှော့ချရေးမူဝါဒကြောင့် ဂျပန်နိုင်ငံရှိ စပါးစိုက်ဧက၏ ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည့်အပြင် အဆိုပါ မူဝါဒကို အကောင်အထည်ဖော်ရန်အတွက် စိုက်ပျိုးဧက လျှော့ချရသည့် လယ်သမားများသို့ အစိုးရမှ ထောက်ပံ့ကြေးများ ပေးရသည့်အတွက် ပြည်သူ့ဘဏ္ဍာငွေများလည်း အများအပြား ကုန်ကျခဲ့သည်။ 
   ကိုဗစ်-၁၉ အလွန်ကာလတွင် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်များ အများအပြား လာရောက်ခဲ့သည့်အတွက် ဆန်စားသုံးမှုမြင့်မားကာ ဆန်ဝယ်လိုအား မြင့်မားချိန်တွင် ဂျပန်နိုင်ငံ၌ အပူချိန်မြင့်မားကာ ဆန်အထွက်နှုန်း ကျဆင်းခဲ့သည့်အတွက် ဝယ်လိုအားနှင့်ရောင်းလိုအား မညီမျှမှုများ ဖြစ်ပေါ်ကာ နိုင်ငံအတွင်း ဆန်ပြတ်လပ်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ရသည်။ နိုင်ငံအတွင်း ဆန်ပြတ်လပ်မှုနှင့် ဆန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကို ဖြေရှင်းနိုင်ရေးအတွက် အစိုးရမှ နိုင်ငံ့အရန်ဆန်များကို ထုတ်ရောင်းပေးခဲ့သော်လည်း လက်ရှိအချိန်တွင် ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက် ရှိသည်ကို တွေ့ရှိရသည်။ 
Source: (သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

Category: International News