Local News

ပြည်ပသို့ဆန်တင်ပို့မှု ယခုနှစ်တွင် ဆန်တန်ချိန်ငါးသိန်းခန့်လျော့နည်း

Last Updated:

ပြည်ပသို့ဆန်တင်ပို့မှု ပြီးခဲ့သည့်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ဆန်တန်ချိန်ငါးသိန်းခန့် လျော့နည်းသွားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှသိရသည်။ “၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ် ငါးလပြီးသွားပြီ။ ဒီငါးလအတွင်းမှာ ပြည်ပတင်ပို့က တန်ချိန် လေးသိန်းနီးပါးလောက်ရှိတာပေါ့။ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် တန်ချိန်ငါးသိန်းလောက်နည်းနေတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

ယခု စက်တင်ဘာအတွင်း ပြည်ပသို့ဆန်တန်ချိန် တစ်သိန်းခန့်တင်ပို့ရန်စီစဉ်ထားပြီး နှစ်စဉ် ဆန်တန်ချိန် နှစ်သန်းနှင့် နှစ်သန်းကျော်တင်ပို့လျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း ဆန်တန်ချိန် နှစ်သန်းနှင့်နှစ်သန်းခွဲထိ တင်းပို့မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ပြည်တွင်းအဓိကစားသုံးဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုများ၊ ဧရာမင်း၊ ဧရာပဒေသာ၊ အညာသား၊ ပခန်းစသော ပြည်တွင်းစားဆန် အမျိုးအစားများအား ပြည်တွင်းဈေးကွက်အတွက်သာ ဦးစားပေးဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှသိရသည်။

ဧည့်မထအုပ်စုဆန်များ၊ ကရင်မ၊ ထွန်းပု၊ ငစိန် စသော ဆန်များ၊ ပေါင်းဆန်များကိုသာ အဓိကပြည်ပတင်ပို့လျက်ရှိပြီး၊ ဆန်ပြည်ပတင်ပို့မှုကို ရပ်နားထားခြင်းမရှိဘဲ ပြည်ပတင်ပို့ရန်ဆန်စုဆောင်းမှု ၁၀၀ ရာခိုင်နှုန်း (Cargo Readiness 100%) ရှိသည့်ကုမ္ပဏီများကို (Pre Shipment Inspection) စိစစ်ပြီး ပို့ကုန်လိုင်စင်ထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံမှဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ ဥရောပနိုင်ငံများဖြစ်ပြီး၊ တရုတ်နိုင်ငံအား ဒုတိယအများဆုံး တင်ပို့ကြောင်း၊ ဖိလစ်ပိုင်နှင့် ဒေသတွင်းနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်းသိရသည်။

Source: https://t.me/sdtimedaily

Category: Local News