Local News

ကြက်သွန်နီ ဈေးအနည်းငယ်ပြန်တက်လာ

Last Updated:

ပြည်ပ ဝယ်လိုအားလျော့ကျခဲ့ခြင်းကြောင့် တစ်ပတ်ခန့် အရောင်းအဝယ်အေးနေပြီး ဈေးကျနေသောကြက်သွန်နီ ယခုနှစ်တစ်ပတ်အတွင်း ပြန်တက်လာကြောင်း ကြက်သွန်နီရောင်းဝယ်ရေးနှင့် ကုန်သည်များထံမှသတင်းရရှိသည်။ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလား့ရှ်နှင့် ဗီယက်နမ်နိုင်ငံများမှ မှာယူမူများနေသောကြောင့် သြဂုတ်လနောက်ဆုံးအပတ်တွင် ကြက်သွန်နီတစ်ပိဿာ လျှင် ၃၇၀၀ ကျပ် ဈေးမြှောက်ခဲ့ရာမှ စက်တင်ဘာလ ပထမအပတ်တွင် ကြက်သွန်နီ တစ်ပိဿာ ၂၉၅၀ ကျပ်အထိ ဈေးကျဆင်းခဲ့ခြင်းဖြစ်သည်။ 

စက်တင်ဘာလ ၁၅ ရက်နေ့ ဘုရင့်နောင်ကုန်စဉ်ဒိုင်တွင် ဆယ်ဘီးကားအစီးရေ ၁၁ စီးခန့်ဝင်ရောက်ပြီး ယခင်ရက်များထက် အဝင်နည်းကား ကြက်သွန်နီ တစ်ပိဿာ ၂၉၅၀ ကျပ်မှ ၃၁၀၀ ကျပ်အထိဈေးမြှောက်ခဲ့ကြောင်း ဘုရင့် နောင်ကုန်စည်ဒိုင်သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းရရှိသည်။ မန္တလေးကုန်စည်ဈေးကွက်တွင် ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် ၃၃၀၀ ကျပ်မှ ၃၆၀၀ ကျပ်အထိ ဈေးပေါက်ပြီး လက္ကားကြက်သွန်နီ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၃၀၀ကျပ် အထိ ဈေးပေါက်ကြောင်း၊ ဂျွန် ကြက်သွန်နီ အသေး၊ အကြီးရော တောဈေးမှာ တစ်ပိဿာလျှင် ၂၆၀၀ ကျပ် ပေါက်ကြောင်းသိရှိရသည်။ 

“ပြီးခဲ့တဲ့အပတ်ကတည်းက ၅၀ ကျလိုက်၊ ၁၀၀ ကျလိုက်နဲ့ ဈေးဆက်တိုက်ကျလာတာ။ အခုပြန်တက်လာပါတယ်။ ပြည်ပဝယ်လိုအားရှိလာလို့ ပြန်တက်လာတယ်ထင်ပါတယ်” ဟု မန္တလေးမြို့မှ ကြက်သွန်နီကုန်သည် ကိုမင်းမင်းဆွေကပြောသည်။ မုံရွာကြက်သွန်နီဈေးကွက်တွင် တောင်သူကောက်ဈေးမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၆၀၀ ကျပ်ရှိပြီးရန်ကုန် ဈေးတက်လာခြင်းကြောင့် တစ်ပိဿာလျှင် ၂၀၀ ကျပ်ခန့် ပြန်တက်လာကြောင်း၊ ယခင်က ကြက်သွန်နီပေါက်ဈေးမှာ တစ်ပိဿာလျှင် ၂၄၀၀ ခန့်သာ ဈေးပေါက်ကြောင်း မုံရွာမြို့မှ ကြက်သွန်နီကုန်သည် ဦးကိုကိုနိုင်ကပြောသည်။ 

“တစ်ရက်၊  နှစ်ရက်အတွင်း ပြန်တက်လာတာပါ။  မုံရွာမှာတော့  ပိတောက်ပြွန်၊  ရွှေဖလားနဲ့  ထိပ်မောက်တွေ  အစိုက်များကြပါတယ်။  မြဝတီ၊  ရန်ကုန်၊  မော်လမြိုင် ပို့မယ့်သူတွေတော့  တောနယ်အထိ ဆင်းဝယ်ကြပါတယ်” ဟု  ဦးကိုကိုနိုင်ကပြောသည်။  မြင်းခြံကုန်စည်ဒိုင်တွင်  ကြက်သွန်နီ  တစ်ပိဿာ  အမြင့်ဆုံးဈေးမှာ  ၂၂၀၀  ကျပ်  မှ  ၂၇၅၀  ကျပ်အထိရှိပြီးကုန်ချိန်  ၂ သောင်းခန့်ဝင်ကြောင်း၊ ရန်ကုန်သို့အဝင်နည်းသွားကြောင့် ကြက်သွန်နီများ ဈေးပြန်တက်လာကြောင်း၊ ဈေးပြန်တက်လာသော်လည်း တစ်ပိဿာလျှင် တောင်သူပေါက်ဈေး ၃၀၀၀ ကျပ်အထိ ရရှိဖူးသဖြင့် တောင်သူများ တက်ဈေးစောင့်နေသောကြောင့် လာမရောင်းကြကြောင်း မြင်းခြံကုန်စည်ဒိုင်မှ သတင်းရရှိသည်။ 

ပခုက္ကူ ကြက်သွန်နီဈေးကွက်တွင် ကုန်ချိန် ၃၇၀၀ ပိဿာခန့်ဝင်ရောက်ပြီး တစ်ပိဿာလျှင် ၂၇၂၅ ကျပ်မှ ၂၈၅၀ ကျပ်အထိ ဈေးတက်လာကြောင်းသတင်းရရှိသည်။ ကြက်သွန်ဖြူ မန္တလေးဈေးကွက်တွင် ကြက်သွန်ဖြူ တစ်ပိဿာ တစ်သောင်းကျပ်ရှိပြီး ရန်ကုန်မြို့ ဈေးကွက်တွင် နယ်မှကြက်သွန်ဖြူ ပိဿာ ၂၁၀၀၀ အထိဝင်ပြီး ကြက်သွန်ဖြူ  ကြူကုတ်တစ်ပိဿာ ၇၄၀၀ ကျပ်မှ ၇၅၀၀ကျပ်၊ အောင်ပန်း ထူး ရှယ် ၇၆၀၀ ကျပ်မှ ၈၈၀၀ ကျပ်အထိရှိကြောင်း သိရှိရသည်။ အောင်ပန်းမြို့ ကုန်စည်ဈေးကွက်တွင် ကြက်သွန်ဖြူ တစ်ပိဿာ ၈၀၀၀ ကျပ်မှ ၈၂၀၀ ကျပ်အထိ ဈေးပေါက်ပြီး  အောင်ပန်းထူးရှယ်မှာ ၇၂၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ ဈေးပေါက်ကာ ပြီးခဲ့သည့်အပတ်နှင့် နှိုင်းယှဉ်ပါကတစ် ပိဿာလျှင် ၂၀၀ ကျပ် ကျဆင်းကြောင်းသိရှိရသည်။ 

“ကြူကုတ်ကတော့ တရုတ်က သွင်းတာ၊ သိပ်မကျဘူး။ ရှမ်းပြည်တောင်ပိုင်းထွက် ကြက်သွန်ဖြူတွေလည်း ဒီအတိုင်းပဲ ထင်သလောက်မကျပါဘူး။ တစ်ပိဿာ ၂၀၀ ကျပ် ၃၀၀ ကျပ်လောက်ပဲကျတယ်” ဟု အောင်ပန်းကုန် စည်ရောင်းဝယ်ရေး တာဝန်ရှိသူတစ်ဦးကပြောသည်။ ပြည်တွင်း ကြက်သွန်ဖြူဈေးကွက်တွင် တစ်ပတ်အတွင်း ကြက်သွန်ဖြူဈေး၂၀၀ ကျပ် ၃၀၀ ကျပ်အကြား ဈေးကျသော်လည်း လက်လီဈေးကွက်တွင် ထင်သလောက်မကျဘဲ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၂ ၀၀ ကျပ် အမျိုးမျိုးရှိကြောင်းသိရသည်။ မြန်မာပြည်တွင် ကြက်သွန်နီ စိုက်ဧက ၁ ဒသမ ၇ သိန်းကျော်စိုက်ပျိုးပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော်ထွက်ရှိပေမဲ့ ပြည်ပတင်ပို့နိုင်မှုမှာ တစ်နှစ်လျှင် တန်ချိန် တစ်သိန်းဝန်းကျင်ခန့်သာရှိပြီး  ကြက်သွန်နီဈေးနှုန်းသည် ပြည်ပတင်ပို့နိုင်မှုအပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းလဲ ဖြစ်ပေါ်လျက်ရှိသည်။

Source: Awba

Category: Local News