International News

LC ဖွင့်လှစ်ပြီးသော စာချုပ်များအတွက် ကြက်သွန်နီတင်ပို့ခွင့်ပြုရန် အိန္ဒိယသို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို

Last Updated:

ဘဏ်ငွေလွှဲစာတမ်း LC စာရင်း ဖွင့်လှစ်ထားပြီးဖြစ်သော စာချုပ်များအတွက် ကြက်သွန်နီ တင်ပို့ခွင့်ပြုရေး အိန္ဒိယနိုင်ငံဘက်သို့ တောင်းဆိုနိုင်ရန်အတွက် လိုအပ်သလို ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးထံ  စာပေးပို့ အကြောင်းထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ကြက်သွန်နီများကို စားဖိုချောင် သီးနှံဈေးကွက်တွင် သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချစေရေး သက်ဆိုင်ရာနယ်မြေအလိုက် ကြပ်မတ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ဒုတိယကော်မရှင်နာမင်းကြီးများသို့ ပြောဆိုထားကြောင်း သိရပါသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံက ကြက်သွန်နီတင်ပို့မှု ကန့်သတ်ချက်ကို သက်တမ်းတိုးမြှင့်လိုက်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံ၏ မူဝါဒပြောင်းလဲမှုမတိုင်မီ ဘင်္ဂလားဒေ့ရှ် လုပ်ငန်းရှင်များက အိန္ဒိယနိုင်ငံမှ ကြက်သွန်နီ တန်ချိန် ၅၂၀၀၀ ခန့် ဝယ်ယူတင်သွင်းရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် LC စာရင်းများကို သက်ဆိုင်ရာဘဏ်များတွင် စာရင်းဖွင့်လှစ်ခဲ့သည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယနိုင်ငံမှ ကြက်သွန်နီ အများအပြားတင်သွင်းရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါသည်။

အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ ကြက်သွန်နီတင်ပို့မှုကန့်သတ်ချက် သက်တမ်းမတိုးမြှင့်မီ အစောပိုင်းအချိန်ကပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှ ကြက်သွန်နီ တန်ချိန် ၅၂၀၀၀ ကိုဝယ်ယူရန် LC စာရင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ ကြက်သွန်နီဈေးနှုန်းကို ထိန်းသိမ်းနိုင်ရေးအတွက် အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံမဟုတ်သည့် အခြားနိုင်ငံမှ ကြက်သွန်နီ တင်သွင်းရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကော်ပိုရေးရှင်း၏ ဝင်ငွေနည်းပြည်သူများအတွက် ကြက်သွန်နီ ရောင်းချပေးမှု အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ကြက်သွန်နီကို ခရိုင်၊ မြို့နယ်များ၌ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချစေရေးအတွက် သက်ဆိုင်ရာ ဒုတိယကော်မရှင်နာမင်းကြီးများက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် မရှိမဖြစ်လိုအပ်သော အခြေခံကုန်ပစ္စည်းများကို ဈေးနှုန်းကြီးမြင့်မှုဒဏ်ခံစားရမှု မရှိစေရန် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် ပိုမိုတာဝန်ရှိလာစေပြီး တာဝန်သိ၊ တာဝန်ယူမှုရှိသော အသိုက်အဝန်းဖြစ်ရန် တိုက်တွန်း ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်း အတွင်းဝန် Mr. Tapan Kanti Ghosh က ဘင်္ဂလားဒေ့ရှ် BSS သတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: The Business Standard, 10 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News