International News

ဒီဇင်ဘာလအတွင်း မလေးရှား စားအုန်းဆီကြမ်းဈေးနှုန်းများ ကျဆင်းဖွယ်ရှိ

Last Updated:

မလေးရှားနိုင်ငံတွင် နှစ်ကုန်ပိုင်း၌ ကုန်လက်ကျန်ပမာဏ များပြားသည့် အခြေအနေအရ ဒေသတွင်းစားအုန်းဆီကြမ်းဖြန့်ဖြူးမှု ပျမ်းမျှဈေးနှုန်းသည် နိုဝင်ဘာလတွင် ၁ တန်လျှင် ၃၇၀၀.၅ ရင်းဂစ်နှုန်းရှိရာမှ ၀.၄% ခန့် လျော့ကျလျက် ဒီဇင်ဘာလ၌ ၁ တန်လျှင် ၃၆၈၄ ရင်းဂစ်သို့ ကျဆင်းဖွယ်ရှိကြောင်း ဈေးကွက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော MIDF Research က ပြောကြား ခဲ့သည်။

အဆိုပါအဖွဲ့၏ ၁၃-၁၂-၂၀၂၃ နေ့တွင် ထုတ်ဝေသော အစီရင်ခံစာ၌ မလေးကျွန်းဆွယ် ဒေသအတွင်း နိုင်ငံခြားသား အလုပ်သမားအသစ်များ ငှားရမ်းမှုနှင့်အတူ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု၏ လုပ်ငန်းဆောင်ရွက်မှုများ များပြားလာခြင်း၊ အယ်လ်နီညိုဖြစ်စဉ် အားကောင်းမှုမရှိခြင်း တို့ကြောင့် နိုဝင်ဘာလတွင် မလေးရှားနိုင်ငံ၏ စားအုန်းဆီကြမ်းထုတ်လုပ်မှုမှာ တန်ချိန် ၁.၈ သန်း အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သို့သော် အဓိကတင်သွင်းသည့် ဝယ်လက်နိုင်ငံများ၌ သိုလှောင်မှု မြင့်မားလျက်ရှိသဖြင့် ပြည်ပသို့ စားအုန်းဆီတင်ပို့မှုမှာ ဆက်လက်အားနည်းနေခဲ့ပြီး တန်ချိန် ၁.၄ သန်းသာ တင်ပို့နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် မလေးရှားနိုင်ငံ၏ နိုဝင်ဘာလကုန် စားအုန်းဆီလက်ကျန်သည် တန်ချိန် ၂.၄ သန်းအထိ ကျန်ရှိခဲ့ကြောင်း၊ စားအုန်းဆီ သိုလှောင်ကန် လက်ကျန်ပမာဏ များပြားမှုက မာဂျရင်း၊ မုန့်ဖုတ်လုပ်ငန်းသုံးဆီနှင့် ဟင်းသီးဟင်းရွက်ဆီ စသည့်စားသုံးဆီများ၏ ဝယ်လိုအားနည်းပါးမှုကို ညွှန်ပြလျက်ရှိကြောင်း၊ ၎င်းအခြေအနေသည် လွန်ခဲ့သော သုံးလပတ်ကာလအတွင်း Kuala Lumpur Kepong Bhd, IOI Corporation Bhd နှင့် FGV Holdings Bhd တို့ကဲ့သို့သော စုပေါင်းကုမ္ပဏီကြီးများအနေဖြင့် လုပ်ငန်းအကျိုးအမြတ် အနှုတ် ၁.၆ ရာခိုင်နှုန်းမှ အပေါင်း ၀.၇ ရာခိုင်နှုန်းအတွင်းသာ ရရှိခဲ့သည်ကို ထင်ဟပ်လျက်ရှိကြောင်းဖြင့် ဖော်ပြပါသည်။

၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ရောင်းဝယ်မှုအတွက် စားအုန်းဆီကြမ်း ပျမ်းမျှဈေးနှုန်းသည် ၁ တန်လျှင် ရင်းဂစ်ငွေ ၃၈၀၀ နှင့် ၃၆၀၀ အသီးသီးရှိနိုင်မည်ဟု ဖော်ပြချက်နှင့်အတူ စားအုန်းဆီ လုပ်ငန်းနယ်ပယ်အပေါ် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုမရှိနိုင်ကြောင်း ခန့်မှန်းချက်ကို MIDF Research သုတေသနအဖွဲ့က ဆက်လက်ထိန်းသိမ်းထားသည်။

နိုဝင်ဘာလ၌ စတင်ခဲ့သော ရာသီအလိုက် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းခြင်းကို တရုတ်နိုင်ငံမှ ဝယ်လိုအားနည်းပါးမှုက ခုနှိမ်ချေဖျက်မှုနှင့်အတူ အခြားပြိုင်ဖက် စားသုံးဆီများ၏ ဈေးနှုန်းယှဉ်ပြိုင်မှုအရ ဒီဇင်ဘာလအတွင်း မလေးရှား၏ စားအုန်းဆီ လက်ကျန်ပမာဏသည် အပြောင်းအလဲမရှိနိုင်ကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် စားအုန်းဆီကြမ်း ဈေးနှုန်းကို ၁ တန်လျှင် ရင်းဂစ်ငွေ ၃၈၅၀ နှင့် ၄၀၀၀ နှုန်း အသီးသီးရှိမည်ဟု ခန့်မှန်းကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်၏ ဆီအုန်းလုပ်ငန်းနှင့် ဈေးနှုန်းများအပေါ် သက်ရောက်မှုမှာ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှသာ ဖြစ်ပေါ်မည်ဟု မျှော်လင့်ရကြောင်း၊ ဝယ်လိုအား မြင့်တက်လာစေရန် ဆွဲဆောင်မည့်အချက်များ ကင်းမဲ့မှုအရ စားအုန်းဆီလုပ်ငန်းနယ်ပယ်၌ အပြောင်းအလဲမရှိနိုင်ဟု သုံးသပ်ရကြောင်းဖြင့်  Hong Leong ရင်းနှီးမြှုပ်နှံမှုဘဏ်က ပြောကြားခဲ့သည်။

အလားတူ Kenanga ရင်းနှီးမြှုပ်နှံမှုဘဏ်ကလည်း မလေးရှား စားအုန်းဆီဈေးကွက်တွင် ဈေးနှုန်းများသည် အတက်အကျပြောင်းလဲမှု နည်းပါးပြီး ၂၀၂၄ ခုနှစ်၌ စားအုန်းဆီကြမ်း ၁ တန် လျှင် ၃၈၀၀ ရင်းဂစ်နှုန်း ဝန်းကျင်တွင် တည်ငြိမ်ဖွယ်ရှိကြောင်း ခန့်မှန်းခဲ့သည်။

နှစ်အလိုက် စားအုန်းဆီ ဝယ်လိုအား တိုးတက်မှုနှုန်းသည် ၃.၀ ရာခိုင်နှုန်းမှ ၄.၀ ရာခိုင်နှုန်း အတွင်းရှိပြီး ရောင်းလိုအားမှာ ဆက်လက်ကျပ်တည်းမည့် အနေအထားရှိကြောင်း၊ သို့သော် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ပါးသက်သာမှုရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တိုင်အောင် ဆက်လက်သက်သာမှုရနိုင်ဖွယ်ရှိကြောင်း၊ အယ်လ်နီညို၏ သက်ရောက် မှုမှာ အားပျော့လျက်ရှိသော်လည်း ဆီအုန်းပင်များ၏ အပင်သက်တမ်းကြာမြင့်မှုကြောင့် အထွက်နှုန်းကျဆင်းမှုကို ကြုံတွေ့ရနိုင်ကြောင်း၊ စားအုန်းဆီကြမ်း၏ ထုတ်လုပ်မှုစရိတ် သက်သာမှုနှင့် အတူ ၂၀၂၄ ခုနှစ်တွင် စားအုန်းဆီထုတ်လုပ်မှုလုပ်ငန်းကဏ္ဍသည် အကျိုးအမြတ်ဖြစ်ထွန်းမှု ပြန်လည်ရရှိလာမည်ဟု ခန့်မှန်းထားကြောင်းဖြင့် အဆိုပါ Kenanga ဘဏ်က ဖော်ပြခဲ့သည်။

Source: Malay Mail, 13 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News