International News

အိန္ဒိယနိုင်ငံ၌ စားတော်ပဲတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုပြီး အနိမ့်ဆုံးသွင်းကုန်ဈေးနှုန်း သတ်မှတ်ချက်အား ပယ်ဖျက်

Last Updated:

အိန္ဒိယနိုင်ငံတွင် စားတော်ပဲ (Yellow Peas) တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားကို ၅၀% သတ်မှတ်ပြီး ၅ နှစ်ကျော်မျှ ကောက်ခံခဲ့ရာမှ ယခု သုညရာခိုင်နှုန်းအထိ လျှော့ချလိုက် ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၇-၁၂-၂၀၂၃ ရက်နေ့ ညနေပိုင်း၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်အရ HS Code 07131010 အောက်တွင် အကျုံးဝင်သော စားတော်ပဲ တင်သွင်းရာ၌ ပုံမှန်အကောက်ခွန်နှုန်းထားအပြင် သီးနှံတင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသည့် စိုက်ပျိုးရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် (Agriculture Infra-structure and Development Cess) ကိုလည်း ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း၊ အမိန့်ထုတ်ပြန် ချက်သည် ၈-၁၂-၂၀၂၃ နေ့မှ ၃၁-၃-၂၀၂၄ နေ့အထိ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) ကလည်း စားတော်ပဲအား ကန့်သတ်တင်သွင်းကုန်စည်အဖြစ်မှ လွတ်လပ်စွာတင်သွင်းခွင့်ရှိသော ကုန်စည်အဖြစ်သို့ ပြောင်းလဲသတ်မှတ်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကို ၈-၁၂-၂၀၂၃ နေ့၌ ထုတ်ပြန်ခဲ့ပါသည်။ အိန္ဒိယအစိုးရသည် စားတော်ပဲ တင်သွင်းမှုအပေါ် ဆိပ်ကမ်းအရောက် အနိမ့်ဆုံးသွင်းကုန် ဈေးနှုန်း (Minimum Import Price – MIP) ၁ ကီလိုဂရမ်လျှင် ရူပီး ၂၀၀ နှုန်းဖြင့် ကောလ်ကတ္တားဆိပ်ကမ်း တစ်ခုတည်းမှသာ တင်သွင်းရမည့် ကန့်သတ်ကုန်စည်အဖြစ် သွင်းကုန်ဆိုင်ရာ မူဝါဒ ချမှတ်ထားရှိခဲ့သည်။

DGFT ၏ ထုတ်ပြန်ချက်အရ MIP ဈေးနှုန်းကန့်သတ်ချက်မရှိပဲ မည်သည့်ဆိပ်ကမ်းမှမဆို စားတော်ပဲများကို ၃၁-၃-၂၀၂၄ နေ့အထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ သို့ရာတွင် ၎င်းနေ့ရက်ကိုကျော်လွန်၍ တင်သွင်းရောက်ရှိသည့် စားတော်ပဲများမှာမူ အကျုံးဝင်မည် မဟုတ်ကြောင်း၊ ယခုထုတ်ပြန်ချက်မတိုင်မီ မူလရှိနှင့်ပြီးဖြစ်သော စားတော်ပဲတင်သွင်းမှု မူဝါဒသည် ၁-၄-၂၀၂၄ နေ့မှစတင်၍ ပြန်လည်သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကာလအတွင်း စားတော်ပဲများ တင်သွင်းရန်အတွက် သွင်းကုန်စောင့်ကြည့်ကြပ်မတ်မှုစနစ်၌ ကြိုတင်မှတ်ပုံတင်ရမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းများကို အစိုးရက ဆက်လက်ထုတ်ပြန်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ ယခုနှစ် ဆောင်းသီးနှံရာသီတွင် ကုလားပဲစိုက်ပျိုးမှုမှာ မဟာရဋ္ဌနှင့် ဂူဂျရတ် ပြည်နယ်များတွင် နောက်ကျလျက်ရှိခြင်းက စားတော်ပဲအပေါ် သွင်းကုန်အခွန်ကောက်ခံမှုကို ပယ်ဖျက်ရေး ဆုံးဖြတ်ချက်ချမှတ်ရန် သက်ရောက်လွှမ်းမိုးမှု ဖြစ်စေခဲ့ကြောင်း၊ အိန္ဒိယအနေဖြင့်  ပြည်တွင်း၌ ကုလားပဲပြတ်လပ်မှုရှိသည့် အခြေအနေတွင် စားတော်ပဲ အမြောက်အမြားကို ပြည်ပမှ တင်သွင်းလေ့ရှိကြောင်း၊ ပဲခွဲစက်များသည် ပဲမှုန့်ကြိတ်ခွဲထုတ်လုပ်ရာ၌ ကုလားပဲအစား စားတော်ပဲကို အသုံးပြုလေ့ရှိကြောင်း၊ ဗဟိုအစိုးရ၏ တွန်းအားပေးလုပ်ဆောင်မှုအရ အိန္ဒိယနိုင်ငံသည် ပြည်တွင်း၌ ကုလားပဲကို လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်သည့် ကာလများအတွင်း အရန်သိုလှောင်ထားရှိမှုမှ ကုလားပဲများကို ဆင်းရဲနွမ်းပါးသူများသို့ ထောက်ပံ့ပေးဝေနိုင်ခဲ့ကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ပြီးခဲ့သော ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း တန်ဖိုးအားဖြင့် ဒေါ်လာ ၀.၁၄ သန်းရှိသော စားတော်ပဲ မက်ထရစ်တန်ချိန် ၅၃၈ တန်ကို ရုရှား တစ်နိုင်ငံတည်းထံမှ တင်သွင်းခဲ့ကြောင်း သိရှိရသည်။

Source: Economic Times, 8 Dec 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန် များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News