သမ္မတထရမ့်၏ တစ်ပြေးညီအကောက်ခွန် ၁၅ % သည် ယခင်ကနိုင်ငံအလိုက် သီးခြားသတ်မှတ်ထားသော မြင့်မားသည့်အခွန်နှုန်းထားများနှင့် ရင်ဆိုင်နေရသည့် အာရှ-ပစိဖိတ်ဒေသများအတွက် သက်သာစေနိုင်ကြောင်း၊ အကောက်ခွန်စံနှုန်းအသစ်အရ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံအချို့သည် အကျိုးအမြတ်အများဆုံးဖြစ်ပြီး၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့၏ လက်ရှိအခွန်နှုန်း ထားများသည် ၁၅ % နီးပါးရှိသောကြောင့် သက်ရောက်မှုအနည်းငယ်သာရှိနိုင်ကြောင်း စီးပွားရေး သုတေသနကုမ္ပဏီ Moody's Analytics ကို ကိုးကား၍ The Economic Times တွင် ဖော်ပြထားသည်။
အမေရိကန်တရားရုံးချုပ်က သမ္မတထရမ့်၏ နိုင်ငံအလိုက် သီးခြားအခွန်နှုန်းထားများကို ပယ်ဖျက်ခဲ့မှုကို တုန့်ပြန်သည့်အနေဖြင့် ထရမ့်က ရက်ပေါင်း ၁၅၀ အတွင်း သွင်းကုန်အားလုံးအပေါ် ယာယီအခွန် ၁၀ % နှင့် နောက်ပိုင်းတွင် ၁၅ % အထိ တိုးမြှင့်ရန် လမ်းညွှန်ခဲ့ပါသည်။ သို့သော် အခွန်တိုးမြှင့်မှုနှင့်ပတ်သက်သည့် တရားဝင်ကြေညာ ချက်ကို မထုတ်ပြန်ရသေးပါ။
Moody ၏ သုံးသပ်ချက်အရ အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည် အိန္ဒိယနှင့်အင်ဒိုနီးရှား အပါအဝင် အမေရိကန်နှင့် လက်ရှိဆောင်ရွက်နေသော ကုန်သွယ်ရေးသဘောတူညီချက်များအပေါ် မသေချာမရေမရာမှုများဖြစ်ပေါ်စေကြောင်း၊ အိန္ဒိယအား ရုရှားရေနံဝယ်ယူမှုများကို လျှော့ချရန် နောက်ဆုံးအချိန်နှင့် အင်ဒိုနီးရှားမှ အကောက်ခွန်လွတ် တင်ပို့နိုင်သည့် အထည်အလိပ်ပမာဏ စသည့်အဓိကအချက်များမှာ မပြီးပြတ်သေးကြောင်း၊ အိန္ဒိယကလည်း ဝါရှင်တန်ခရီးစဉ် ကို ရွှေ့ဆိုင်းထားကြောင်း ဖော်ပြထားပါသည်။
အမေရိကန်တရားရုံးချုပ်က နိုင်ငံအလိုက် အခွန်နှုန်းထား ခွဲခြားသတ်မှတ်ခြင်းကို ပိတ်ပင်လိုက်ခြင်းသည် အမေရိကန်၏ ညှိနှိုင်းရေးလက်နက်တစ်ခုကို ထိခိုက်ခြင်းဖြစ်ပြီး မကြာမီပြုလုပ်မည့် သမ္မတထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့အကြား ကုန်သွယ်ရေးဆွေးနွေးပွဲတွင်လည်း အမေရိကန်အတွက် အားနည်းစေနိုင်ကြောင်း၊ သမ္မတထရမ့်သည် ဥပဒေအရ ရှုံးနိမ့်ခဲ့သော်လည်း အခွန်နှုန်းထား တိုးမြှင့်ရန် စီမံခန့်ခွဲမှုနည်းလမ်းများကို ဆက်လက်ရှာဖွေလိမ့်မည်ဖြစ်ကြောင်း Moody’s က ခန့်မှန်းထားသည်။
အကယ်၍ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မတိုင်မီက အခွန်နှုန်းထားများထက်နိမ့်၍ ကောက်ခံရန် အတည်ဖြစ်သွားပါကလည်း ကမ္ဘာ့ကုန်သွယ်ရေးတွင် မသေချာရေမရာမှုများနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း၊ ကုမ္ပဏီများမှ ယခင်ပေးဆောင်ခဲ့သော အကောက်ခွန်များကို ပြန်လည်တောင်းခံခြင်း၊ အမေရိကန် သွင်းကုန်လုပ်ငန်းရှင်များက တရားရုံး ဆုံးဖြတ်ချက်ကို ယာယီအဖြစ် လက်ခံပြီး အခွန်နှုန်းများ မတိုးမြှင့်မီ ကြိုတင်တင်သွင်းမှုများ (Front Loading) ကို အလျင်အမြန်လုပ်ဆောင်နိုင်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။
ရင်းမြစ်။ The Economic Times
Source: https://commerce.gov.mm
အမေရိကန်သမ္မတထရမ့်၏ တစ်ပြေးညီ အကောက်ခွန် ၁၅ % က အာရှ-ပစိဖိတ်ဒေသအချို့အပေါ် အကျိုးရှိနိုင်
Category:
International News