Local News

မြန်မာ့သရက်သီးကို တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်အောင်ဆောင်ရွက်နေ

Last Updated:

          မြန်မာ့သရက်သီးကို ပြည်ပတင်ပို့ရာတွင်  တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်အောင် ဆောင်ရွက်နေကြောင်း  မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းမှသိရသည်။ ထို့ပြင် မြန်မာ့သရက်သီး စျေးကွက်ကောင်းမွန်ပြီး စျေးကောင်းရရှိစေရေးအတွက်ပါ လုပ်ဆောင်နေကြောင်း၊လက်ရှိတွင် မြန်မာ့သရက်သီး တင်ပို့မှုနှင့်ပတ်သက်ပြ ထုတ်လုပ်မှု နည်းပညာများအကူအညီများ ကိုလည်း နိုင်ငံတကာမှ ပံ့ပိုးပေးနေကြောင်းသိရသည်။ 

     "ခုဆိုရင် သရက်သီးကို သရက်သီးခြောက်၊ သရက်ဖျော်ရည်စတဲ့ ထုတ်ကုန်တွေ ထုတ်နေတာရှိတယ်။ အဲဒီ နည်းပညာတွေပြန့်ပွားအောင် အတွက်လည်းအများကြီး လုပ်နေတယ် နောက်တစ်ခုက သရက်သီးတွေ ခူးပြီးတော့မှ ပျက်စီးမှုတွေ နည်းအောင်လည်း ဒီအသီးတွေကို  အဆင့်မြှင့်တဲ့ ဟာမျိုးတွေ လုပ်တာလည်းရှိတယ်။ ဈေးကွက်မရှိရင် တောင်သူတွေ ဘယ်လိုမှ မရပ်တည်နိုင်ဘူး" ဟု မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။ 

      လက်ရှိတွင်သရက်ခြံပိုင်ရှင်များသည် ပြည်ပပို့ကုန် ပယ်ခံရသည့်  မြန်မာသရက်သီးများကို သရက်ပြင်၊ သရက်ခြောက်၊သရက်ချဥ်၊အေးခဲ သရက်သီးအနှစ်၊ သရက်သီးသနပ် စသဖြင့် စားသောက်ကုန်ပစ္စည်းများအဖြစ် တနိုင်တပိုင် ထုတ်လုပ်မှုရှိနေကြောင်းသိရသည်။  "သရက်ပြင် လုပ်ရောင်းတယ်။ တစ်ပိဿာ ကို ၈၀၀၀ ရှိတယ်။မြကျောက်သရက်ပြင်အစစ်ပေါ့။ သရက်သီးကအရမ်းအမှည့်လွန်ရင် ပို့လို့မရ၊ရောင်းဖို့မလွယ်တော့ ကြိုပြီးသရက်ပြင်လုပ်ရောင်းရတာပေါ့။  သရက်ပြင်ကတော့   ကြိုက်သလောက်ထားလို့ရတယ်၊   အရသာလည်းလျော့မသွားဘူး။တပိုင်တနိုင်လုပ်ရတာပေါ့။တခြားသရက်သီးကနေ လုပ်လို့ရမယ့် အရာမျိုးတွေရှိရင်လည်း တဖြေးဖြေးလုပ်ယူရမှာပါ " လို့ ပဲခူးတိုင်းပြည်မြို့ သရက်ခြံပိုင်ရှင်ဖြစ်သူတစ်ဦးကပြောပါတယ်။ 

          ယခုအချိန်သည်  သရက်သီး ရာသီချိန် ကုန်ဆုံးတော့မည်ဖြစ်သော်လည်း တရုတ်နိုင်ငံနှင့်   စင်္ကာပူနိုင်ငံကိုတော့   မြန်မာသရက်သီးများတင်ပို့မှုရှိနေကြောင်း၊   မြန်မာ့သရက်သီး ၇၀  ရာခိုင်နူန်းသည် တရုတ်နိုင်ငံကို အဓိကတင်ပို့နေရခြင်းဖြစ်ဟုသိရသည်။ စင်္ကာပူနိုင်ငံကိုတော့ ယခုလထဲတွင် မြန်မာ စိန်တစ်လုံးသရက်သီး တန်ချိန် ၁၀၀ ဝန်းကျင် ပင်လယ်ရေကြောင်းကတဆင့် တင်ပို့သွားရန်ရှိကြောင်းသိရသည်။ မြန်မာ့သရက်သီးသည်  ပဲခူးတိုင်း၊ မကွေး၊ စစ်ကိုင်း၊မန္တလေး ၊ရှမ်းပြည်နယ်တို့မှ အဓိက စိုက်ပျိုးထွက်ရှိကြောင်းသိရသည်။ 

Source: Awba

Category: Local News