Local News

ရန်ကုန်ရွှေဆိုင်အချို့ ၁၆ ပဲရည် အခေါက်ရွှေ ရောင်းချမှု ယာယီရပ်နားထား

Last Updated:

          ရွှေဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေးအတွက် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ မီးလင်းအခေါက်ရွှေတုံးများကို​ရောင်းချ​ပေး​နေကြောင်း ရန်ကုန်မြို့အတွင်းရှိ ရွှေဆိုင်အချို့တွင် ၁၆ ပဲရည်အခေါက်ရွှေ ရောင်းဝယ်မှုကို ယခု ရက်ပိုင်းအတွင်း ယာယီရပ်နားထားကြောင်း ရွှေဆိုင်များ၏ ပြောပြချက်အရ သိရသည်။ အဆိုပါ သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ဈေးကွက် အတွင်းရှိ ရန်ကုန်ရွှေဆိုင်အချို့ထံ ပေါ်ပြူလာနယူး(စ်) က ဆက်သွယ်စုံစမ်းကြည့်စဉ် အတည်ပြုပြောကြားထားခြင်း ဖြစ်သည်။

       “အခေါက်ရွှေကတော့အရောင်း အဝယ်ခဏရပ်နားထားပါတယ်။ လက်ရှိပေါက်ဈေးကတော့ သိန်း ၃၀ နဲ့ ၅ သောင်း ဝန်းကျင်မှာရှိပါတယ်။ ဈေးနှုန်းတည်ငြိမ်မှုကို ကြည့်ပြီးတော့ ဘယ်တော့ပြန်အရောင်း အဝယ်လုပ်မယ်ဆိုတာ ဆုံးဖြတ်ရမှာ‌ပေါ့။ ၁၅ ပဲရည်ကတော့ ပုံမှန်အတိုင်းအရောင်းအဝယ်လုပ်ပေးပါတယ်”ဟု ရွှေဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။လက်ရှိတွင် ပြည်တွင်း/ပြင်ပရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျင် (၃၁) သိန်းကျပ်ဝန်းကျင်အထိ ဈေးမြင့်တက်နေပြီး ကောလဟာလ သတင်းဖြန့်၍ ဈေးဆွဲတင်ရန် ကြိုးစားမှုများ ရှိနေသည့်အတွက် အစိုးရက ရွှေဈေးကိုထိန်း​ကြောင်းနိုင်ရန် ကြိုးစားလျက် ရှိကြောင်းသိရသည်။

          အဆိုပါ ရွှေဈေးမြင့်တက်မှုကို ထိန်း​ကြောင်းရန် လုပ်ဆောင်မှုအနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ရွှေလုပ်ငန်းရှင်အချို့ ခေါ်ယူတွေ့ဆုံ​ဆွေး​နွေးမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ လက်တလောတွင် ဈေးကွက်အတွင်း   ရွှေဆိုင်အချို့သာအရောင်းအဝယ်ရပ်နားထားခြင်းဖြစ်ပြီး   အချို့ဆိုင်များမှာ  လက်ရှိအချိန်တွင် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း   ရန်ကုန် ရွှေအသင်းမှ စုံစမ်း သိရသည်။

      “တစ်ချို့ ရွှေဆိုင်တွေကတော့ ခဏပိတ်ထားတာ။ ဖွင့်ထားတဲ့ ဆိုင်တွေလည်း ဖွင့်ပါတယ်။ ဒါပေမဲ့လည်းအရောင်းအဝယ်က အေးတယ်။ လာရောင်းတဲ့သူတွေရှိလို့သာ တံခါးဖွင့်ပြီးရောင်းပေးနေတာ။ ဈေးကွက်က အေးပါတယ်”ဟု ရန်ကုန် ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။ လက်ရှိတွင် ရွှေဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေးအတွက် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ  မီးလင်းအခေါက်ရွှေတုံးများကို  ၃၀၅၀၀၀၀  (သိန်းသုံးဆယ်ငါးသောင်းကျပ်)  ဈေးဖြင့်ရောင်းချပေးနေပြီး   ရန်ကုန်တွင်လည်း  မကြာမီ  ရောင်းချပေးနိုင်ရန်  စီစဉ်နေကာ  ရွှေများစတင်စုဆောင်းနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူး(စ်)သို့  ဖြေကြားထားသည်။ ယနေ့ ဇွန်လ (၁၉) ရက် ရန်ကုန်ရွှေအသင်း၏ အခေါက် ရွှေတစ်ကျပ်သား ၂၃၀၃၂၀၀ ကျပ် ဈေးသတ်မှတ်ထားပြီး ပြင်ပရွှေဈေးမှာ ကျပ် ၃၁၂၈၀၀၀ ဝန်းကျင်ရှိကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။

Source: Popular News Journal

Category: Local News