Local News

ရန်ကုန်မြို့ ဗဟိုစံပြငါးဈေးကြီးနှင့် ရွှေပိတောက်ငါးဈေးတို့သို့ ယခုလအတွင်း မွေးမြူရေးငါးပိဿာချိန် ငါးသိန်းဝန်းကျင်ဝင်ရောက်

Last Updated:

     ရန်ကုန်မြို့ ဗဟိုစံပြငါးဈေးကြီးနှင့် ရွှေပိတောက်ငါးဈေးတို့သို့  ယခုလအတွင်း တစ်ရက်လျှင် မွေးမြူရေး ငါးပိဿာချိန် ငါးသိန်းဝန်းကျင် ဝင်ရောက်လျက်ရှိပြီး ငါးဈေးနှုန်းများ အတက်အကျမရှိကြောင်း  မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ရန်ကုန်မြို့ ဗဟိုစံပြငါးဈေးကြီးနဲ့  ရွှေပိတောက်ငါးဈေးသို့ တစ်ရက်ကို မွေးမြူရေးငါးပိဿာချိန် ငါးသိန်းဝန်းကျင် ဝင်ရောက်နေပါတယ်။  အခုက  ငါးမဖမ်းရရာသီဖြစ်ပေမယ့်  ၃၀  ရာခိုင်နှုန်းဖမ်းခွင့် ပေးထားတဲ့အပြင်  မွေးမြူရေးငါးတွေလည်း ရရှိနေပါတယ်ဟု   ၎င်းကပြောသည်။

        ယခုလအတွင်း ရန်ကုန်မြို့ ဗဟိုစံပြငါးဈေးကြီးသို့  နေ့စဉ်ငါးပိဿာချိန် တစ်သိန်းခွဲနှင့်  ရွှေပိတောက်   ငါးဈေးသို့   ငါးပိဿာချိန်   သုံးသိန်းခွဲခန့်ဝင်ရောက်ပြီး   ငါးကြင်း၊  ငါးမြစ်ချင်း၊တီလားဗီးယားနှင့်ငါးတန်တို့ အများဆုံး ဝင်ရောက်ကာ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အများဆုံးဝင်ရောက်ပြီး ပဲခူးတိုင်းဒေသကြီးမှ  အနည်းငယ်ဝင်ရောက်မှုရှိသည်။ လက်ရှိတွင် ငါးမြစ်ချင်းအရွယ်အစားအလိုက် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ မှ ၆၀၀၀၊ ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ မှ ၉၀၀၀၊ တီလားဗီးယားတစ်ပိဿာလျှင်  ငွေကျပ် ၅၅၀၀ မှ ၈၀၀၀  အထိ ဈေးနှုန်းရှိသည်။

     ယခုကာလသည်  ငါးမဖမ်းရရာသီဖြစ်၍ ၃၀ ရာခိုင်နှုန်းသာ ဖမ်းဆီးခွင့်ပေးထားသည့်အတွက် ငါးဈေးကွက်အတွင်း ပင်လယ်ငါးရှားပါးပြီး ရေချိုငါးများဖြစ်သည့် ငါးခူ၊ ငါးရံ့၊ ငါးကျည်းနှင့် မွေးမြူရေးငါးများဖြစ်သည့်  ငါးမြစ်ချင်း၊  ငါးတန်၊  ငါးကြင်း စသည့်ငါးများ   ပုံမှန်အတိုင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။    

Source: https://www.myawady.net.mm

Category: Local News