Local News

ပခုက္ကူကြက်သွန်နီစျေးကွက်တွင် ကြက်သွန်စျေးပြန်လည်မြင့်တက်နေပြီး တစ်ပိဿာလျှင် ကျပ် ၂၀၀၀ အထက် ရောက်ရှိ

Last Updated:

          ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ဇွန်လတတိယပတ်တွင် ကြက်သွန်စျေးနှုန်း ပြန်လည်မြင့်တက်လာပြီး တစ်ပိဿာလျှင် ကျပ် ၂၀၀၀ အထက် ရောက်ရှိလာကြောင်း သိရသည်။ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းအထိ ပခုက္ကူကြက်သွန်စျေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၂၀၀၀ အောက်ဖြင့် ရောင်းဝယ်ခဲ့ပြီး ဇွန်လတတိယပတ်ရောက်ရှိမှသာ စျေးနှုန်းပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          ပခုက္ကူကြက်သွန်နီစျေးကွက်သို့ ပိဿာချိန် ၅၀၀၀၀ ခန့်ဝင်ရောက်သည့် ဇွန် ၁၉ ရက်တွင် ဂျွန်သေးတစ်ပိဿာ ကျပ် ၁၄၀၀- ၁၆၀၀၊ ဂျွန်လတ်တစ်ပိဿာ ကျပ် ၁၇၀၀-၁၉၀၀ နှင့်  ဂျွန်ကြီးတစ်ပိဿာ ကျပ် ၂၀၀၀-၂၁၅၀ ဖြင့် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။ “ကြက်သွန်စျေးက အရင်ရက်ထက်စာရင် စျေးတက်လာတယ်။ အရင်ရက်တွေက တစ်ပိဿာ ကျပ် ၂၀၀၀ လောက် ရောက်လာလိုက် နောက်ရက် ၁၈၀၀ လောက် ပြန်ဆင်းသွားလိုက်ပဲ။ သူ့စျေးတန်းနဲ့သူတော့ အရောင်းအဝယ်ဖြစ်ပါတယ်။ နောက်ရက်ဆက်တက်မယ် မတက်ဘူးကတော့ သေချာပေါက်ပြောလို့ မရသေးဘူး” ဟု ကြက်သွန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

       ပခုက္ကူကြက်သွန်နီစျေးကွက်သို့ ယောချောင်းဒေသနှင့် ပုလဲမြို့နယ်မှ ထွက်ရှိသည့် ကြက်သွန်များ အဓိကဝင်ရောက်နေပြီး လက်ရှိစျေးနှုန်းများအရ တောင်သူများ အကျိုးအမြတ်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ရောင်းဝယ်ရေးရာသီတွင် အစောပိုင်းကာလများက စျေးနှုန်းကျဆင်းခဲ့ပြီး သြဂုတ်လမှစတင်၍ စျေးနှုန်းမြင့်တက်ခဲ့ရာ တစ်ပိဿာ ကျပ် ၃၀၀၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

Source: https://news-eleven.com

Category: Local News