မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်ဒေါ်လာသန်း (၀.၀၅၈၅)သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သွင်းကုန်ဆောင်ရွက်နိုင်မှုမရှိကြောင်း သိရှိရသည်။
တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၀၀) နှုန်းဖြင့် (၈၁)တန်၊ တန်ဖိုး (၈၁၀၀)ဒေါ်လာ၊ ဆီးဖတ်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅)နှုန်းဖြင့် (၈၃)တန်၊ တန်ဖိုး(၉၅၄၅)ဒေါ်လာနှင့် ချင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀)နှုန်းဖြင့် (၆၁)တန်၊ တန်ဖိုး (၂၇၄၅၀)ဒေါ်လာတို့ကို တင်ပို့နိုင်ခဲ့ပါကြောင်း သိရှိရပါသည်။ ငွေစျေးနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၀၈.၆၂၈)တာကာနှင့် (၁)တာကာလျှင် (၂၆.၆၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။
ကုန်ပစ္စည်းသယ်ယူစရိတ်မှာ ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ (၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနဗ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀) ကျပ်ခန့်ရှိကြောင်း သိရှိရသည်။ ရန်ကုန်-စစ်တွေ ကားလမ်းမှာ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှု မရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံအကြား ရေမိုင်(၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများသွားလာလျက်ရှိပါသည်။ ယခုရက်ပိုင်းကာလအတွင်း စစ်တွေမြို့တွင် ရာသီဥတုသာယာလျက်ရှိပြီး ရွှေမင်းဂံဆိပ်ကမ်းမှ တစ်ဖက်နိုင်ငံသို့ တင်ပို့လှေများ နေ့စဉ်ထွက်ခွာလျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓါတ်မြေဩဇာ ပေါက်စျေးမှာ (၁)တန်လျှင် (၉၃၉၈၅)တာကာ၊ ဘိလပ်မြေ(၁)တန်လျှင် (၁၀၅၂၆) တာကာ၊ ဓာတ်ဆီ-၉၅ (၁)ဂါလံလျှင် (၃၆၈)တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၃၅၀)တာကာ၊ ဒီဇယ်(ရိုးရိုး) (၁)ဂါလံလျှင် (၃၅၉)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၃၇၂)တာကာနှင့် သံချောင်း(၁)တန်လျှင် (၆၅၇၈၉)တာကာ စျေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၆.၆၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိကထား ထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကိုတင်းကြပ်စွာ တားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
Source: https://commerce.gov.mm