ကချင်ပြည်နယ်၊ ပူတာအိုဒေသ၌ ရှီးပတီးအား ရှာဖွေစုဆောင်းရာတွင် မေလမှ ဇူလိုင်လ ဝန်းကျင်အတွင်း ရေခဲတောင်များ အရည်ပျော်သည့်အချိန်နှင့် နှင်းများ အရည်ပျော်သည့်အချိန်၌သာ ရှာဖွေစုဆောင်းကြရပါသည်။ သို့သော်လည်း ယခုလပိုင်းတွင် ရာသီဥတုအခြေအနေကြောင့် ရေခဲ တောင်များတွင် ရှီးပတီး ရှာဖွေ၍မရဘဲ ပူတာအိုဒေသရှိ ရှီးပတီးရှာဖွေသူများ လွန်စွာအခက်တွေ့နေ ကြကြောင်းသိရပါသည်။ ပုံမှန်အားဖြင့် ရေခဲတောင်များ အရည်ပျော်ကျချိန်တွင် ရှီးပတီးအား ရှာဖွေ ကြရသော်လည်း ယခုနှစ်တွင် ရေခဲများအရည်မပျော်သဖြင့် ရှာဖွေ၍မရကြောင်း ရှီးပတီး ရှာဖွေသူ များနှင့် ရှီးပတီးရောင်းချသည့် ကုန်သည်အချို့ထံမှ သိရပါသည်။ ရှီးပတီးရှာဖွေရာတွင် ပူတာအိုဒေသရှိ ဒေသခံများက ရေခဲတောင်များသို့ သွားရောက်ရှာဖွေရခြင်း ဖြစ်သည့်အတွက် လူတစ်ဦးလျှင် လမ်းခရီး၌ ကုန်ကျသည့်စရိတ်မှာ ငွေကျပ် သိန်း ၂၀ ခန့်ဖြစ်ပါသည်။ ပူတာအိုဒေသအနီး တစ်ဝိုက်ရှိ ဒေသခံများ သည် ရေခဲတောင်နှင့် ရေခဲတောင် အနီးတစ်ဝိုက်ရှိ နေရာများသို့ သွားရောက်၍ ရှီးပတီးကဲ့သို့သော ဆေးဖက်ဝင်အပင်များနှင့် အခြားသော ဆေးဖက်ဝင်အပင်များကို ရှာဖွေကာ ရောင်းချရသော်လည်း ယခုနှစ်တွင် ဆေးဖက်ဝင်အပင်များ ရှာဖွေရာတွင် ရာသီဥတုအခြေအနေကြောင့် အခက်တွေ့လျက်ရှိ ကြောင်းသိရပါသည်။ ဈေးကွက်အတွင်း၌လည်း ရှီးပတီး အကောင်သစ်များ ရှာဖွေ၍မရခြင်းကြောင့် ယခင်ရှီးပတီး လက်ကျန်များကိုသာ ဈေးပိုမြင့်၍ ရောင်းချနေကြလျက်ရှိကြောင်း ကချင်တိုင်းရင်း ဆေးပင်များ ရောင်းချသည့် ကုန်သည်များထံမှ သိရသည်။
ကချင်ပြည်နယ်ဦးစီးမှူးရုံး