Local News

ရေထွက်ကုန်ပစ္စည်းတန်ချိန် ၁၈၀၀ ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့နေ

Last Updated:

            ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အအေးခန်းစက်ရုံများမှထွက်ရှိသည့် ရေထွက်ကုန် ပစ္စည်းတန်ချိန် ၁၈၀၀ ကို EU အဖွဲ့ဝင် (၁၇) နိုင်ငံသို့ လစဉ်တင်ပို့နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ယင်းကဲ့သို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ရေထွက်ကုန်တင်ပို့ရာတွင် ရေကြောင်းကုန်သွယ်မှုကဏ္ဍမှတဆင့် ကွန်တိန်နာများဖြင့် တင်ပို့ပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ရွှေက နိုင်ငံပိုင်သတင်းဌာနမှတဆင့် ပြောကြားထားသည်။

          “ ရန်ကုန်တိုင်း ငါးလုပ်ငန်း ဦးစီးဌာနအနေနဲ့ ပြည်တွင်းရေသယံဇာတ စားသုံးမှုဖူလုံပြီး ပိုလျှံသမျှကို ပြည်ပကိုတင်ပို့နိုင်ရေး ဖြစ်ပါတယ်။ ဒီလိုတင်ပို့ရာမှာ မွေးမြူရေးပိုင်းကရော၊ ဖမ်းဆီးရေးပိုင်းကပါ ရသမျှရေသယံဇာတတွေကို   ကုန်ကြမ်းအနေနဲ့   တင်ပို့တာရှိသလို   ကုန်ချောအနေနဲ့လည်း   တင်ပို့တာရှိပါတယ်။   ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို စက်ရုံတွေက  ထွက်လာတဲ့ ကုန်ချောတွေကို တင်ပို့ပြီး ကုန်ကြမ်းတွေကိုတော့ နယ်စပ်လမ်းကြောင်းကနေတင်ပို့နေပါတယ်”ဟု ဦးမြင့်ရွှေက ပြောသည်။

         ရန်ကုန်တိုင်းဒေသကြီးတွင် အအေးခန်းစက်ရုံများ၊ ငါးပုဇွန်မွေးမြူရေးကန်များ၊ ငါးသားဖောက်စခန်းများအပြင် ကျောက်တန်းမြို့နယ်တွင်လည်း ပြည်ပပို့ရန်အတွက် ရည်ရွယ်ထုတ်လုပ်သည့် ဂဏန်းမွေးမြူရေးဇုန်လည်းတည်ရှိပြီး ယင်း ဂဏန်းမွေးမြူရေးဇုန်မှ တစ်လလျှင် ဂဏန်းပျော့ မက်ထရစ်တန် ၇၀ ခန့် ထုတ်လုပ်ကာ တရုတ် (တိုင်ပေ)သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ရေထွက်ကုန်ပစ္စည်းများကို ဥရောပနိုင်ငံများအပြင် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ ရေကြောင်းကုန်သွယ်မှုဖြင့် ပုံမှန်တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံသို့ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ်မှတဆင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။

Source: Popular News Journal 

Category: Local News