Local News

ပြည်တွင်း ငရုတ်သီးခြောက် အရောင်းအဝယ်အေးနေ

Last Updated:

     ပြည်ပအဝယ်နည်းနေသည့်အတွက် ငရုတ်သီးခြောက် အရောင်းအဝယ်အေးနေကာ ပုံမှန်ထက် စျေးအနည်းငယ်ပြန်ကျသွားပြီး စျေးငြိမ်နေကြောင်ငရုတ်စိုက်တောင်သူများထံမှ သိရသည်။ သို့သော် ယခုနှစ်မှာ ပြည်တွင်းငရုတ်ထွက်ရှိမူ ထက်ဝက်လျော့ကျခဲ့သည့်အတွက် လက်ကျန်နေသောကြောင့်ပြီးခဲ့သည့် နှစ်ဖြင့်ယှဉ်ရင် အတက်စျေးဖြင့် ငြိမ်နေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၁၃၀၀၀အထိ ပေါက်စျေးရှိနေပြီး ဒေသတစ်ခုနှင့် တခုစျေးနှုန်း အနည်းငယ်ကွာနိုင်ကြောင်း သိရသည်။

     “စျေးကွက် ကအေးတယ်။ ဒီမှာ တန့်နေတာကြာပြီ၊ ငြိမ်နေတဲ့ ဘက်ကိုပါတာ။ နည်းနည်းကျသွားသေးတယ်၊ တောစျေးက ၁၄၀၀၀ကနေ ၁၃၀၀၀ဖြစ်သွားတာ။ ပြည်ပတင်ပို့ဖို့ မြဝတီ၊ထိုင်းဘက်ကနေ အဝယ်ဆွဲတာ နည်းလာတယ်။ အပေါ်ကဆွဲမှသာ အရောင်းဝယ်ဖြစ်တာ’’ ဟု ဧရာဝတီတိုင်းဒေသကြီးမှ ငရုတ်စိုက်တောင်သူ ကိုပိုက်ကပြောသည်။ လက်ရှိစျေးကွက်တွင် ငရုတ်လက်ကျန်နည်းနေပြီး လှောင်ကုန်သည်များလက်ဝယ်၌သာရှိတော့ကြောင်း သိရသည်။ 

   “အခုက လှောင်ကုန်သည်များ လက်ထဲမှာရှိတော့တာ တောင်သူတွေလက်ထဲမှာ မရှိတော့ဘူး၊ မိုးတွင်းဆိုတော့ လှောင်ထားတာကြာတော့ အညိုရောင်သမ်းသွားတယ်။ ငရုတ်အအေးပတ်တာပေါ့။ အအေးခန်းထဲမှာ ထားနိုင်မှသာ အဆင်ပြေတာ။ ဒါကြောင့်လဲ အရောင်းဝယ်ထိုင်းသွားတယ် ။ ပြည်ပကို တိုက်ရိုက်မရောင်းဘူး၊ ကျောက်ဆည်နဲ့ မော်လမြိုင်တို့ဘက်ကို တဆင့်ရောင်းတာ၊ အဲ့ဘက်က နေပို့ကြတာ”ဟု ညောင်တုန်းမြို့နယ် မှ ငရုတ်သီး ကုန်သည်တစ်ဦးကပြောသည်။ 

     လက်ရှိတင်ပို့နေသည့် ပြည်ပနိုင်ငံများအနေဖြင့် ပြည်တွင်းလောက်စျေးမရရှိသည့်အတွက် ငရုတ်သီးခြောက်များကို ပြည်ပတင်ပို့မူ လျော့ကျလာခြင်းလည်း ဖြစ်ကြောင်းလည်းသိရသည်။ ယခုနောက်ပိုင်း ပြည်ပတင်ပို့မည့် ဝယ်လက်များ ပုံမှန်ထပ်လျော့ကျသွားကြောင်း တောင်သူများထံမှ သိရသည်။ ထို့ကြောင့် ပြည်တွင်းထွက်ရှိမှုနှင့်ပြည်တွင်းစားသုံးမူမှာ အနေတော် ဖြစ်နေသည့်အတွက် ပြည်တွင်း၌ စျေးတန်းတခုရရှိထားကာလည်း တောင်သူများအတွက် တွက်ခြေကိုက်ဆုံး နှစ်​တစ်နှစ်ဖြစ်ကြောင်းလည်း သိရသည်။ အချို့ပြည်ပ တင်ပို့သူများ အနေဖြင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းနှင့်တင်ပို့မူ မူဝါဒအခက်ခဲများကြောင့် ပြည်ပမှပေးသည့် စျေးနှုန်းရရှိမူနှင့် တွက်ခြေမကိုက်သည့်အတွက် တင်ပို့နိုင်ခြင်းမရှိကြောင်းလည်း သိရသည်။လက်ရှိ ငရုတ်သီအား ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့နေပြီး လာအို၊ မလေးရှား စသည်နိုင်ငံများသို့လည်း တင်ပို့နေကြောင်း သိရသည်။

Source: https://t.me/htwettoe

Category: Local News