ပျားသတ္တဝါတို့၏ ဝတ်မှုံကူးခြင်းလုပ်ငန်းမှထွက်ရှိလာသော ထုတ်ကုန်တစ်မျိုးဖြစ်သည့်ပျားရည်သည် အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး အနံ့အရသာနှင့်ပြည့်စုံသော သဘာဝဆေးဖက်ဝင်အစားအစာတစ်မျိုးဖြစ်သည်။ လူတို့စားသုံးရန်အတွက်လည်းကောင်း၊ စီးပွားဖြစ်အတွက်လည်းကောင်း ပျားရည်ကို အလေ့ကျဖြစ်သော ပျားအုံများမှရရှိသကဲ့သို့ လူလုပ်(မွေးမြူရေး)ပျားအိမ်များမှလည်းရရှိပါသည်။ မြန်မာလူမျိုးတို့သည် ပျားရည်၏ အာဟာရဓာတ်ပါဝင်မှုမြင့်မားခြင်းကြောင့် ၎င်းကို နှစ်ပေါင်းထောင်ချီ၍ ဆေးနှင့်အစားအစာအဖြစ်သုံးစွဲလာခဲ့ကြပြီး ဆေးဖက်ဝင်ပျားရည်ဟု လူတိုင်းလက်ခံယုံကြည်ကြ၍ အရွယ်မရွေး၊ လူမျိုးပေါင်းစုံကျန်းမာရေးအတွက် သုံးစွဲနေကြပါသည်။ ပျားများမှ ပန်းဝတ်မှုံများကိုရယူရန်စုဆောင်းပြီးမှရရှိသော ပျားရည်မှာ ထူးခြားပြီး အနံ့အရသာပြည့်စုံခြင်းကြောင့် ၎င်းကို အလှအပအတွက်လည်း အသုံးပြုလျက်ရှိကြပါသည်။
မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ ပျားရည်အများဆုံးထွက်ရှိရာဒေသများဖြစ်သည်။ ပျားရည်တွင် သဘာဝပျားရည်နှင့် မွေးမြူရေးပျားရည်ဟူ၍နှစ်မျိုးရှိပါသည်။ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်သည် သစ်ပင်၊ သစ်တောထူထပ်ပေါက်ရောက်လျက်ရှိ၍ သဘာဝပျားရည်စစ်စစ်ထွက်ရှိရာ မြို့တစ်မြို့ဖြစ်သည်။ သဘာဝပျားရည်သည် စားသုံးသူများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်၍ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါသည်။
သဘာဝပျားရည်ကို ဆိပ်ဖြူမြို့နယ်၊ ကိုးတောင့်အုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သည့် ကိုးတောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံးကျေးရွာများတွင် အဓိကထွက်ရှိပြီး တောင်သူ များ၊ လယ်ယာလုပ်ငန်းနားချိန်၌ ပျားရှာ၊ ပျားဖွတ်ခြင်းလုပ်ငန်းကိုလုပ်ကိုင်ကြပါသည်။ ပျားဖွတ်လုပ်သားတစ်ဦး၏ ပြောပြချက်အရ ပျားဖွတ်လုပ်ငန်းကို မိုးအကုန်၊ ဆောင်းအကူး တော်သလင်းလမှ နတ်တော်လအထိလုပ်ကိုင်ကြောင်း၊ ပျားရည်ထွက်ရှိရာ ကျေးရွာများတွင် အများဆုံးပေါက်ရောက်လျက်ရှိသော ဆီးပင်၊ ဘိလပ်သျှားပင်တို့၏ သစ်ကိုင်းများတွင် သဘာဝပျားများ အလေ့ကျအုံဖွဲ့လျက်ရှိပြီး ဆီးပွင့်ပွင့်ချိန်တွင် ဆီးပျားရည်၊ ပန်းမျိုးစုံပွင့်ချိန် တန်ဆောင်မုန်းလတွင် ဆေးပျားရည်၊ ပန်းမျိုးစုံပျားရည်တို့ကိုရရှိကြောင်း၊ ပျားဖွတ်လုပ်ငန်းဖြင့် ဝင်ငွေရရှိလျက်ရှိကြောင်း၊ ပျားဖွတ်လုပ်ငန်းကို အချိန်ပြည့်လုပ်ကိုင်လျှင် လုပ်သားတစ်ဦး တစ်ရက်လျှင် ပျားရည်ပိဿာ (၃)ပိဿာမှ (၅)ပိဿာအထိရရှိကြောင်း၊ တစ်မနက်ခင်းလျှင် (၂)ပိဿာခန့်ရရှိကြောင်း၊ မိုးရွာသွန်းနေချိန်တွင် ပျားရည်အထွက်နည်းကြောင်းသိရှိရသည်။
ပျားရည်ဈေးကွက်မှာ ယခုနှစ် သဘာဝပျားရည်တစ်ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ တန်ဆောင်မုန်းလမှရရှိသော ပန်းမျိုးစုံဆေးပျားရည်တစ်ပိဿာလျှင် ကျပ်(၃၀၀၀၀)ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ ပျားဖွတ်လုပ်သားတစ်ဦးသည် တစ်လအတွင်း ပျားရည်ပိဿာ ပျမ်းမျှ(၇၀)ခန့်ရရှိကြောင်း၊ ဒေသတွင်းထွက်ရှိသောပျားရည်များကို ဆေးဖက်ဝင်အဖြစ် ဝယ်ယူစားသုံးမှုများကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကလည်း ဝယ်ယူသိုလှောင်ထားရှိကြောင်း၊ ယခုအချိန်တွင် ဆိပ်ဖြူဒေသထွက် သဘာဝထွက်ပျားရည်များ ဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိခြင်းကြောင့် ပျားဖွတ်လုပ်သားများအနေဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။
မြန်မာနိုင်ငံဒေသအနှံ့အပြား၌ ပျားရည်ထွက်ရှိပြီး ထွက်ရှိသောပျားရည်နှင့် ပျားထွက်ပစ္စည်းများကို လူတိုင်းစားသုံးရန်အတွက်သော်လည်းကောင်း၊ စီးပွားဖြစ်အတွက်သော်လည်းကောင်း အသုံးပြုကြသည့်အပြင် ပြည်တွင်း၌စားသုံး၍ ပြည်ပသို့တင်ပို့ပြီး ပျားရည်ဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်၊ စားသောက်ကုန်နှင့် အလှကုန်အမျိုးမျိုးများထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက်လည်း အထောက်အပံ့ရရှိစေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Source: https://www.doca.gov.mm