ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မောမြေဦးပန်းခြံတွင် ပထမအကြိမ် ပန်းပွဲတော်ကို ၁၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဟု သိရှိရသည်။ "ကလောမြို့ မောမြေဦးပန်းခြံတွင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ပထမအကြိမ် ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း" သိရှိရသည်။
အဆိုပါပန်းပွဲတော်အတွင်း နိုင်ငံခြားဖြစ် ပန်းမျိုးစိတ်များ အပါအဝင် ဒေသထွက်ပန်းမျိုးစိတ်များ ပါဝင်ပြီး သစ်ခွ ဥယျာဉ်နှင့် ပန်းအမျိုးအစား အများအပြား ပြသသွားမည်ဖြစ်ပါသည်။ စာကြည့်တိုက်တွင် စာအုပ်စာစောင်များ အနားယူဖတ်ရှုလေ့လာနိုင်ပြီး၊ အလှဓာတ်ပုံများ ရိုက်ကူးရန် နေရာများစွာ ပါဝင်သည့်အပြင် အားကစားလေ့ကျင့်ခန်း ပြုလုပ်ရန် အားကစားကွင်းနှင့်ကလေးကစားကွင်းများ၊ ဒေသထွက်အစားအစာများ ပါဝင်သွားမည်ဟု သိရှိရပါသည်။
အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ပန်းချစ်သူများအနေဖြင့် ကလောမြို့ပန်းပွဲတော်ကို ဝင်ကြေးအခမဲ့ လာရောက်လည်ပတ် အပန်းဖြေ လေ့လာနိုင်ကြောင်း ကလောမြို့၊ မောမြေဦးပန်းခြံတာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: https://www.npnewsmm.com
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ တွင် ပထမအကြိမ် ပန်းပွဲတော် ကျင်းပမည်
Category:
Local News