မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်ပမာဏသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၂.၂၉ သန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၁၄.၈% လျော့ကျလျက် တန်ချိန် ၁.၉၅ သန်းသို့ ရောက်ရှိနိုင်ကြောင်း မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) မှ ညွှန်ကြားရေးမှူးချုပ် Dr. Ahmad Parveez Ghulam Kadir က ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံအနေဖြင့် စားအုန်းဆီ အမြောက်အမြားတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း၊ တင်ပို့မှုများပြားမှသာ လက်ကျန်ပမာဏကို လျော့ကျစေနိုင်မည်ဖြစ်ကြောင်း၊ စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများသည် ယခုနှစ်တွင် ပျမ်းမျှ ၁ တန်လျှင် ရင်းဂစ် ၄၀၀၀ ဝန်းကျင်ထိ မြင့်တက်လာနိုင်ကြောင်းဖြင့် ၁၁-၁-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် စားအုန်းဆီကဏ္ဍ စီးပွားရေးသုံးသပ်မှုနှင့် အလားအလာခန့်မှန်းဆွေးနွေးပွဲ (Palm Oil Economic Review and Outlook Seminar 2024) တွင် Dr. Ahmad Parveez က The Edge သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ဝယ်လိုအားနည်းပါးမှုကြောင့် တင်ပို့မှုကျဆင်းသွားခဲ့ရာ ၂၀၂၃ ခုနှစ်တွင် စားအုန်းဆီကုန်လက်ကျန် မြင့်မားခဲ့ပြီး လက်ကျန်တန်ချိန် ၂.၂၉ သန်း ထိ မှတ်တမ်းတင်ခဲ့ပါသည်။ စားအုန်းဆီ လက်ကျန်ပမာဏ မြင့်မားခြင်းက ၂၀၂ ခုနှစ်တွင် ဖြစ်ပေါ်နိုင်သော စားအုန်းဆီကြမ်းစျေးနှုန်းကို ကြိုတင်ခန့်မှန်းနိုင်မည်မဟုတ်ကြောင်း စိုက်ခင်းအကဲခတ်လေ့လာသူများအဖွဲ့က ပြောကြားပါသည်။
Dr. Ahmad Parveez က ၂၀၁၈ ခုနှစ်အတွင်း မလေးရှား စားအုန်းဆီကြမ်း တစ်တန် ဈေးနှုန်းသည် ၁၈၀၀ ရင်းဂစ် ဖြစ်ပေါ်ခဲ့ချိန်၌ ကုန်လက်ကျန်တန်ချိန် ၃.၂ သန်းဝန်းကျင်ရှိခဲ့ပြီး ဆီလက်ကျန်ပမာဏ အလွန်မြင့်မားခဲ့သည့် ကာလဖြစ်ခဲ့ကြောင်း၊ အဆိုပါကာလ၌ အင်ဒိုနီးရှားတွင်လည်း စားအုန်းဆီကြမ်းတင်ပို့မှုနှင့် ပတ်သက်သည့် မူဝါဒသတ်မှတ်ချက် မရှိသဖြင့် မလေးရှားနိုင်ငံအနေဖြင့် အင်ဒိုနီးရှားမှ စားအုန်းဆီကြမ်း ပမာဏ အမြောက်အမြားကို တင်သွင်းခဲ့ရာမှ လက်ကျန်ပမာဏ မြင့်တက်ခဲ့ကြောင်း၊ ယခုအခါ အင်ဒိုနီးရှားသည် လောင်စာဆီ၌ ဇီဝလောင်စာ ၃၅% မဖြစ် မနေ ရောစပ်အသုံးပြုရမည့် ဘီ-၃၅ ဇီဝဒီဇယ် အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း၊ ဇီဝဒီဇယ် ထုတ်လုပ်မှုကြောင့် အင်ဒိုနီးရှား၏ ပြည်တွင်းသုံးစွဲမှု မြင့်တက်လာပြီး စားအုန်းဆီထုတ်လုပ် တင်ပို့မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ ဤအခြေအနေက မလေးရှားနိုင်ငံအတွက် အထူးအခွင့်အလမ်းတစ်ခုဖြစ်ပေါ်စေပြီး ပိုမိုကောင်းမွန်သည့် စျေးကွက်ဖော်ဆောင်နိုင်မှုနှင့်အတူ ကုန်လက်ကျန်ပမာဏကို ကျဆင်းစေနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
Source: The Edge Malaysia, 11 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
Source: https://www.doca.gov.mm