Local News

ယခုဘဏ္ဍာနှစ် မေလတွင် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၈၀၀၀ ကျော် တင်ပို့ရောင်းချပေးခဲ့

Last Updated:

        ယခုဘဏ္ဍာနှစ် မေလတွင် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၈၀၀၀ ကျော်တင်ပို့ရောင်းချ‌ပေးခဲ့ကြောင်း စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် တရုတ်(တိုင်ပေ)နိုင်ငံသို့ အဓိကတင်ပို့ရောင်းချ နေခြင်းဖြစ်ကြောင်း သိရသည်။

     ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က ‌ရော်ဘာတန်ချိန် ၃ ဒသမ ၆ သိန်းကျော်ထွက်ရှိခဲ့ပြီး ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံများသို့ ရော်ဘာတန်ချိန် နှစ်သိန်းကျော် တင်ပို့ရောင်းချပေးခဲ့ကြောင်း၊ ရော်ဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၆၅၀ မှ ဒေါ်လာ ၁၇၀၀ ထိဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း၊ ထို့ကြောင့် ရော်ဘာပြည်ပတင်ပို့မှုလည်း မြင့်တက်လာခဲ့ရာ ယခု ဘဏ္ဍာနှစ် မေလတွင် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄၉ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၈၁၉၀ တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

      ပြီးခဲ့သည့်ဧပြီတွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၁၁၁၉၀ သာတင်ပို့ရောင်းချပေးခဲ့ရသဖြင့် မေလတွင် တန်ချိန် ၇၀၀၀ ပိုမိုတင်ပို့ရောင်းချပေးခဲ့ရကြောင်း သိရသည်။ မေလတွင် ပင်လယ် ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄၁၇ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၄၈၆၀ နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၇၃ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၃၃၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄၉ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၈၁၉၀ တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

      ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ရောင်းချပေးရာတွင် တရုတ် နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၁၅၃၀၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၂၇၀၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၈၆၀၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၄၀၀၊ တောင်ကိုရီးယားနို်ငငံသို့ တန်ချိန် ၃၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တန်ချိန် ၂၆၀ နှင့် ဂျပန်နိုင်ငံသို့ တန်ချိန် ၂၄၀ စုစုပေါင်း ရော်ဘာတန်ချိန် ၁၄၈၆၀ တင်ပို့ရောင်းချပေးခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ရောင်းချပေး ရာတွင် တရုတ်နိုင်ငံသို့ တန်ချိန် ၁၈၁၀ နှင့် ထိုင်းနိုင်ငံသို့ တန်ချိန် ၁၅၂၀ စုစုပေါင်း ရော်ဘာတန်ချိန် ၃၃၃၀ တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News