Local News

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း နေလှည့်သီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြ ပြီး သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အတွက် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သော နေလှည့်ပင်များသည် ယခင်က အလေ့ကျပေါက်ရောက်ပြီး ယခုအခါတွင်တောင်သူများက မြေလွတ်မြေရိုင်းများပေါ်တွင် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။ နေလှည့်ပင်များကို ဩဂုတ်လတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ယက်၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့သုံးပြည်ခန့် ကုန်ကျကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်းငွေကျပ် နှစ်သိန်းခန့် ကုန်ကျကြောင်း၊ နေလှည့်သီးများရင့်မှည့်ချိန်တွင် အပင်အောက်ခြေမှ အကိုင်းများကို ခုတ်ယူ၍ အကိုင်းများမှ အသီးများကို တုတ်ဖြင့်ရိုက်ခြွေရကြောင်း၊ နေလှည့်ပင်စိုက်ပျိုးမှုတွင် ကနဦး စိုက်ပျိုးသည့် စရိတ်သာ ကုန်ကျပြီး ကျန်နှစ်များတွင် အဆိုပါအငုတ်များမှ ပြန်လည်ထွက်လာသည့် အတက်မှ နေလှည့်သီးများကို ထပ်မံရယူရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် နေလှည့်စေ့ ၆-၇ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် နေလှည့်စေ့များကို ကျောက်ဆည်မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ် ဆင့် မန္တလေးမြို့တို့သို့ တင်ပို့ကြောင်း၊ နေလှည့်စေ့ကို ကြိတ်ခွဲ၍ အဆီထုတ်ကာ တိုင်းရင်းဆေးအဖြစ်အသုံးပြုကြောင်း၊ နေလှည့်ပင်သည် မြေလွတ်မြေရိုင်းများပေါ်တွင် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးရသဖြင့် ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေများစွာရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News