ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သည် ကရင်ပြည်နယ်၏ တောင်ပေါ်ဒေသတစ်ခုဖြစ်သော သံတောင်ကြီးမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိရာ ယခုကဲ့သို့ မိုးဦးရာသီအချိန်တွင် ဒေသတွင်း စိုက်ပျိုးထုတ်လုပ်သည့် ရာသီပေါ်သီးနှံများနှင့် သဘာဝအလျောက်ထွက်ရှိသော ဟင်းသီးဟင်းရွက်များ တောင်ငူမြို့ဈေးကွက်အတွင်းသို့ မြောက်မြားစွာ ဝင်ရောက်ကာ စည်ကားလျက်ရှိကြောင်းသိရသည်။
တောင်ငူခရိုင်နှင့် သံတောင်ကြီးဒေသတို့သည် ပထဝီအနေအထားအရ နီးစပ်ရုံမျှမက ရာသီဥတုနှင့် မြေဆီလွှာကောင်းမွန်မှုတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အလားအလာကောင်းသော ဒေသများ ဖြစ်ကြသည်။ မိုးဦးကျကာလတွင် သံတောင်ကြီးဒေသမှ ထွက်ရှိသည့် ဖာလာ၊ လက်ဖက်ခြောက်၊ ဒူးရင်းသီး၊ပိန္ဒဲသီး၊ နာနတ်သီး၊ မင်းဂွတ်သီး၊ကြက်မောက်သီး၊လိုင်ချီးသီး၊ကနစိုးသီး၊ရေငန်းသီး၊ကွမ်းသီး၊ ကွမ်းရွက်၊မျှစ်၊ ဒညင်းသီး၊ ဆိတ်ဖူး၊ အင်ဥနှင့် ဖလောင်တောင်ဝှေး အစရှိသည့် သဘာဝတောတောင်ထွက် အစားအစာများ နှင့်အတူ ဒေသတွင်း စိုက်ပျိုးထားသော ရာသီပေါ် သီးနှံများဖြစ်သည့် အခြားသော ဟင်းသီးဟင်းရွက် စိမ်းစိမ်းစိုစိုများ တောင်ငူမြို့ပေါ်ရှိ ဈေးကြီးများနှင့် ပျံကျဈေးများသို့ နေ့စဉ်ၐစီးဝင် လျက်ရှိသည်။
သံတောင်ကြီးဒေသဘက်မှထွက်သော ဒေသထွက်ပစ္စည်းများသည် လတ်ဆတ်ပြီး သဘာဝအတိုင်း ထွက်သောအသီးအနှံများဖြစ်သောကြောင့် မြို့ခံများသာမက တောင်ငူခရိုင်အနီးတဝိုက်ကျေးရွာများမှ လာရောက် ဝယ်ယူသူများနှင့်ပါ အရောင်းအဝယ်ဖြစ်နေသည်။
မိုးရာသီအစပိုင်းတွင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ အလျှံပယ်ပေါများနေခြင်းကြောင့် ဈေးနှုန်းများမှာလည်း ဝယ်ယူစားသုံးသူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရရှိနိုင်သဖြင့် အခြေခံလူတန်းစားများအတွက် အဆင်ပြေလျက်ရှိသည်။ တောင်ငူမြို့နှင့် သံတောင်ကြီးဒေသအကြား လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကြောင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ပြီး သီးနှံများ လတ်ဆတ်မှုရှိခြင်း သည် ဈေးကွက်အတွင်းလူကြိုက်များရခြင်း၏ အဓိကအချက်တစ်ချက်ဖြစ်ကြောင်း၊ မိုးဦးကျရာသီသည် ဒေသခံတောင်သူများနှင့် ဈေးသည်များအတွက် မိသားစုဝင်ငွေ ပိုမိုတိုးပွားနေကြောင်း သိရှိရသည်။