ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တညင်းသီးများ ဇွန်လကုန်ပိုင်းမှ စတင်ထွက်ရှိ၍ ဈေးများတွင် အရောင်းအဝယ်များရှိနေပြီး တညင်းသီး စိုက်ပျိုးသူပိုင်ရှင်များ၊ ဝယ်ရောင်းသူများသာမက ဆက်စပ်လုပ်သားများလည်း အလုပ်အကိုင်ရရှိ၍ ဝင်ငွေများရရှိနေကြကြောင်းသိရှိရသည်။ တညင်းသီး ရောင်းဝယ်ရေးလုပ်ကိုင်သူများသည် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများ၊ ဥယျာဉ် ခြံမြေများမှ အပင်ပြတ် သို့မဟုတ် အလုံးရေဖြင့်ဝယ်ယူ၍ တညင်းသီးအဝယ်ဒိုင်များတွင် သွင်းကြပြီး မန္တလေး ဈေးကွက်များ သို့လည်း ကားများဖြင့်တင်ပို့ကြပါသည်။ တညင်းသီးဒိုင်များတွင် ယခုလက်ရှိတွင် အလုံး အရွယ်အစား ပေါ်မူတည်၍ တစ်လုံး ၁၀၀ ကျပ်မှ ၂၀၀ ကျပ်ထိ လက်လီလက်ကား ရောင်းချနေကြသည်။
မြစ်ကြီးနားမြို့တွင် ကျွဲတညင်း၊ စာလတ်တညင်း၊ စာကလေးတညင်း စသည်ဖြင့် ထွက်ရှိပြီး အလုံးအရွယ်အစားကြီးသည့် ကျွဲတညင်းမှာ ဇူလိုင်လကုန်ပိုင်းများတွင်သာ အသီးရင့်၍ ခူးဆွတ်ကြသောကြောင့် ထွက်ရှိမှုနောက်ကျသည်။ ယခုလက်ရှိ တညင်းသီး ဈေးနှုန်းများမှာ စာလတ် တညင်းသီး တစ်လုံးလျှင် ၁၅၀ ကျပ်နှင့် စာကလေးတညင်းသီး တစ်လုံး ၁၀၀ ကျပ်ဖြင့် မြို့ဈေးများ တွင် ရောင်းချလျက်ရှိသည်။ တညင်းသီးသည် မြန်မာလူမျိုးအများစုက နှစ်သက်စွာ စားသုံးကြသည့် ရာသီစာသီးနှံတစ်မျိုးဖြစ်သည်။ တညင်းသီးကို အချို့ကပြုတ်၍သော် လည်းကောင်း၊ မီးဖုတ်၍သော် လည်းကောင်း မြန်မာ့ရိုးရာထမင်းဟင်းများတွင် ငါးပိရေကြိုဖြင့် တွဲဖက်စားသုံးကြလေ့ ရှိသကဲ့သို့ တညင်းသီးကို နူးညံ့လာသည်အထိ ပြုတ်၍ထုကာ ဆီစိမ်၍သော်လည်းကောင်း၊ အုန်းနို့စမ်း၍သော် လည်းကောင်း ဝက်သားဖြင့်သော်လည်းကောင်း၊ တညင်းသီးငါးပိချက် အဖြစ်သော်လည်းကောင်း၊ တညင်းလက်ဖက်အဖြစ်သော်လည်းကောင်း ဖွယ်ဖွယ်ရာရာချက်ပြုတ် စားသုံကြသည်။ တညင်းသီးကို တစ်နှစ်ပတ်လုံး စားသုံးလိုသည့်အတွက် ကြာရှည်ခံအောင် ဆားရည်စိမ်၍ လည်းစားသုံးကြတတ် ကြသည်။ တညင်းသီးသည် နှစ်စဉ်နှစ်တိုင်း သီးနှံပေါ်ချိန်ဖြစ်သည့် ဇွန်လ ကုန်ပိုင်းမှစ၍ သီးနှံ ရာသီကုန်ချိန်ဖြစ်သော စက်တင်ဘာလကုန်ပိုင်းအထိ ကောင်းစွာထွက်ရှိပြီး ဝယ်ယူ စားသုံးသူများ သဖြင့် ဈေးကွက် တွင်း အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဦးစီးမှူးရုံး