ဟောင်ကောင်ဒေသသည် မေလအတွင်းပို့ကုန်ပမာဏ ၂၅.၈ % မြင့်တက်ခဲ့ပြီး ထိုင်ဝမ်နှင့် ဗီယက်နမ်သို့တင်ပို့မှုများ သိသာစွာတိုးတက်လာခဲ့ပြီး အိန္ဒိယနိုင်ငံသို့တင်ပို့မှုသည်သာ ၂၄.၅% အထိကျဆင်းခဲ့ပြီး အဓိကဈေးကွက်များထဲတွင် ကျဆင်းမှုရှိခဲ့သည့် တစ်ခုတည်းသောဈေးကွက်ဖြစ်ခဲ့ကြောင်း သတင်းဆောင်းပါးကို ၁၈-၇- ၂၀၂၆ ရက်တွင် hongkongbusiness.hk အွန်လိုင်းသတင်းစာမျက်နှာ၌ “Export volume rises 25.8 % in May as Taiwan, Vietnam shipments jump” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသသန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာန၏ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် မေလတွင် ဟောင်ကောင်၏ပို့ကုန်ပမာဏမှာ ယခင်နှစ်ကထက် ၂၅.၈ % မြင့်တက်ခဲ့ပြီး သွင်းကုန်ပမာဏမှာ ၂၇.၄ % မြင့်တက်ခဲ့ကြောင်း၊ ယခုနှစ်ပထမ ၅ လအတွင်း ကုန်သွယ်မှုတိုးတက်မှုနှုန်းမှာ ပိုမိုမြန်ဆန်လာခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပမာဏ ၂၇.၆ % နှင့် သွင်းကုန်ပမာဏ ၃၁ % အသီးသီးမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
မေလအတွင်း ဟောင်ကောင်၏အဓိကပို့ကုန်တင်ပို့ရာဒေသများအနက် ထိုင်ဝမ်သည် ပို့ကုန်ပမာဏ ၇၀.၇ % အထိမြင့်တက်ကာ ထိပ်ဆုံးမှဦးဆောင်ခဲ့ကြောင်းနှင့် ဗီယက်နမ်သို့ တင်ပို့မှုမှာ ၄၈.၉ % ဖြင့် ဒုတိယနေရာတွင်ရှိနေပြီး အမေရိကန်နှင့် တရုတ်ပြည်မကြီးသို့ တင်ပို့မှုမှာ ၄၀.၄ % နှင့် ၃၁.၂ % စီအသီးသီးမြင့်တက်ခဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံသို့ တင်ပို့မှုပမာဏသည် ၂၄.၅ % ကျဆင်းခဲ့ပြီး တင်ပို့မှုလျော့နည်းသွားသည့် တစ်ခုတည်းသောအဓိကဈေးကွက်ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အဓိကပို့ကုန်ဒေသ ၅ ခုလုံးသို့တင်ပို့သည့် ပို့ကုန်ဈေးနှုန်းများမြင့်တက်ခဲ့ရာ တရုတ်ပြည်မကြီးသည် ၁၃.၂ % ဖြင့်ဦးဆောင်ခဲ့ပြီး ဗီယက်နမ်သည် ၁၁.၉ % ၊ အမေရိကန် သည် ၁၁.၂% စီဖြင့် အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ ထိုင်ဝမ်နှင့် အိန္ဒိယနိုင်ငံတို့သို့ တင်ပို့သည့်ဈေးနှုန်းများမှာမူ ၁၀ % စီမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါ သည်။
အဓိကကုန်စည်တင်သွင်းသူ ၅ နိုင်ငံဖြစ်သည့် တောင်ကိုရီးယား၊ ဗီယက်နမ်၊ တရုတ်ပြည်မကြီး၊ စင်ကာပူနှင့်ထိုင်ဝမ်တို့ထံမှ သွင်းကုန်ပမာဏလည်းမြင့်တက်ခဲ့ကြောင်း၊ တောင်ကိုရီးယားမှ သွင်းကုန်ပမာဏမှာ တစ်နှစ်ထက်တစ်နှစ် ၆၇.၂ % အထိ ထိရောက်စွာမြင့်တက်ခဲ့ပြီး ဗီယက်နမ်မှ ၅၇.၄ % နှင့် တရုတ်ပြည်မကြီးမှ ၃၅ % စီမြင့်တက်ခဲ့ကြောင်း၊ စင်ကာပူနှင့် ထိုင်ဝမ်တို့မှ သွင်းကုန်ပမာဏမှာမူ ၁၄.၈ % နှင့် ၃.၁ % ဖြင့် အသီးသီးမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အဓိကသွင်းကုန်တင်သွင်းသူ ၅ နိုင်ငံလုံး၏ သွင်းကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ရာ တောင်ကိုရီးယားမှ ဈေးနှုန်း ၂၄.၃ % နှင့် ထိုင်ဝမ်မှ ၁၆.၅ % မြင့်တက်ကာ ဦးဆောင်ခဲ့ပြီး တရုတ်ပြည်မကြီး၊ စင်ကာပူနှင့် ဗီယက်နမ်တို့မှ သွင်းကုန်ဈေးနှုန်းများမှာမူ အသီးသီး ၁၁.၇%၊ ၉.၇ % နှင့် ၈.၆ % အသီးသီးမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ရာသီအလိုက် ညှိနှိုင်းပြင်ဆင်ထားသော စာရင်းများအရ မေလအထိ ပြီးဆုံးသည့် ၃ လအတွင်း စုစုပေါင်းပို့ကုန်နှင့် သွင်းကုန်ပမာဏမှာ လွန်ခဲ့သော ၃ လနှင့်နှိုင်းယှဉ်ပါက ၁၀.၈% နှင့် ၁၁% အသီးသီးမြင့်တက်ခဲ့ပြီး မေလအတွင်း ကုန်သွယ်မှုဈေးနှုန်းများလည်းမြင့်တက်ခဲ့ကြောင်း၊ စုစုပေါင်း ပို့ကုန်ဈေးနှုန်းမှာ ၁၁.၈% မြင့်တက်ခဲ့ပြီး သွင်းကုန်ဈေးနှုန်းမှာ ၁၁.၁% မြင့်တက်ခဲ့ကြောင်းနှင့် ၂၀၂၆ ခုနှစ်၏ ပထမ ၅ လအတွင်း ပို့ကုန်နှင့် သွင်းကုန်ဈေးနှုန်းများမှာ ၆.၇% နှင့် ၆.၅% အသီးသီးမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ပို့ကုန်ဈေးနှုန်းနှင့် သွင်းကုန်ဈေးနှုန်းအချိုးကို တိုင်းတာသည့် ကုန်သွယ်မှုစည်းမျဉ်းညွှန်းကိန်း(Terms of trade index)မှာ မေလအတွင်း ၀.၆ % မြင့်တက်ခဲ့ပြီး ၂၀၂၆ ခုနှစ်၏ ပထမ ၅ လအတွင်း ၀.၂ % မြင့်တက်ခဲ့သည်ဟု သတင်းတွင်ဖော်ပြထားပါသည်။
(ဖြိုးဖြိုးဝင်း၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)