International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ခြင်းဖြင့် အရှိန်အဟုန်တိုးမြင့်လာ

Last Updated:

     ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိကစိုက်ပျိုးရေးထွက်ပို့ကုန်ပစ္စည်းများမှာ ဟင်းသီးဟင်းရွက်၊ လက်ဖက်၊ ပန်း၊ သစ်သီးဝလံ၊ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံ၊ ဆေးရွက်ကြီး၊ စားသောက်ကုန် အခြောက်များစသည်တို့ဖြစ်ကြောင်း ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုဗျူရို၏ ပြောကြားချက်အရသိရှိရပါကြောင်း ရေးသားဖော်ပြထားသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စားသောက်ကုန် အခြောက်များဖြစ်သည့် ဘီစကွတ်များ၊ သရေစာများ၊ ကိတ်မုန့်များ၊ အာလူးကြော်နှင့် အခွံမာသီးများကဲ့သို့သော ထုတ်ကုန်ပစ္စည်းများတင်ပို့မှုတွင် ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြ ထားသည်။

     ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ် ၂၀၂၂ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်ပို့သည့် စိုက်ပျိုးရေးထွက်ကုန်များမှ ဝင်ငွေရရှိသည့် အမေရိကန်ဒေါ်လာသန်း (၁၀၀)အနက်တွင်ပြုပြင် ထုတ်လုပ် ထားသောစားသောက်ကုန် တင်ပို့မှုမှရရှိသည့်ပမာဏမှာအများဆုံးဖြစ်ပြီး စိုက်ပျိုးရေး ထွက်ကုန်များမှစားသောက်ကုန်ထုတ်လုပ်သည့်ကုမ္ပဏီပေါင်း  (၅၀၀)ကျော်ရှိကြောင်းသိရှိရသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လယ်ယာထွက်ကုန်များတင်ပို့ခြင်းနှင့် ပြုပြင်ထားသော အသင့်စားသောက်နိုင်သည့် စားသောက်ကုန်များတင်ပို့ခြင်းမှ ရရှိသောအခွန်ငွေ (၂၀%) သည် နိုင်ငံ ဘဏ္ဍာအတွက် ပံ့ပိုးပေးလျက်ရှိပြီး စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုမှရရှိသည့် ပို့ကုန်ဝင်ငွေသည် ပြီးခဲ့သည့် (၄)နှစ်အတွင်းတိုးတက်လာခဲ့ကြောင်းရေးသားထားသည်။

     ကိုရိုနာကပ်ရောဂါကြောင့် ကမ္ဘာ့ဈေးကွက်တွင် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ပြုပြင် ထားသောအသင့်စားသုံးနိုင်သည့် စားသောက်ကုန်များ၏ ဝယ်လိုအားသည်ယခင်ကထက် တိုးလာ ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသည် အဆင့်မြင့်ထုတ်ကုန်များထုတ်လုပ်နိုင်မည့်လုပ်ငန်းရှင်များအား လိုအပ်သည့် အထောက်အပံ့များ ပေးမည်ဖြစ်ကြောင်းရေးသားထားသည်။ စိုက်ပျိုးရေး ထွက်ကုန်များဖြင့် ပြုပြင်ထုတ်လုပ်ထားသောအဆင့်မြင့် စားသောက်ကုန်များထဲတွင်  အဓိကတင်ပို့သည့် အစားအစာများမှာ ပေါင်မုန့်၊ ဘီစကွတ်၊ စားသုံးဆီများ၊ သစ်သီးဖျော်ရည်များ၊ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံ၊ အဖျော်ယမကာများ၊ ယိုနှင့်ဂျယ်လီကဲ့သို့ သကြား ပါဝင်သောမုန့်မျိုးစုံတို့ဖြစ် ပါသည်။

     ထို့အပြင် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လယ်ယာထွက် ကုန်ဒေါ်လာ(၁)ဘီလီယံတင်ပို့နိုင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ခေတ်မီနည်းပညာများနှင့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်လာနိုင်မှုတို့ကြောင့် တင်ပို့မှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။ ထို့အပြင် အခွန်ဖြေလျော့မှုနှင့် ငွေသားအကူအညီ များ ပေးခြင်းကဲ့သို့ အစိုးရ၏မူဝါဒပံ့ပိုးမှုသည်လည်း လယ်ယာထွက်ကုန်တင်ပို့မှု တိုးတက် လာခြင်း၏အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။

      ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိဘဏ္ဍာရေးနှစ်၏ (၅)လတာအတွင်းပြည်တွင်း ကုမ္ပဏီများမှ ဘီစကွတ်နှင့် ပေါင်မုန့်ကဲ့သို့သောစားသောက်ကုန်ခြောက်များကိုတင်ပို့ခြင်းဖြင့် ဒေါ်လာ (၈၈.၆)သန်းရရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ လယ်ယာထွက်ကုန်များအဓိကတင်ပို့သည့် နိုင်ငံများမှာဥရောပသမဂ္ဂ၊ အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသတို့ဖြစ်ပြီး  အဓိက စားသုံးသူတို့မှာ အဆိုပါနိုင်ငံများတွင် နေထိုင်သောဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် အခြားတောင် အာရှနိုင်ငံခြားသားများဖြစ်သည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြုပြင်ထုတ်လုပ်ထားသော စားသောက် ကုန်များကိုကမ္ဘာ့နိုင်ငံပေါင်း(၁၄၅)နိုင်ငံသို့တင်ပို့လျက်ရှိသည်။

      ယခုအခါ လူတို့စားသုံးမှုအတွက် ကျန်းမာရေးနှင့်သင့်လျော်သည်ဟူသော ထောက်ခံချက်လက်မှတ်သည် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် အဓိကအတားအဆီး တစ်ခုဖြစ်လာ သည်။ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ထိုသို့လက်မှတ်ထုတ်ပေးသည့် အဖွဲ့အစည်းမရှိသေးကြောင်းနှင့် ထိုသို့ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်လျှင် ပို့ကုန်တင်ပို့ရာတွင် (၁၀)ဆ တိုးလာနိုင်ပြီးနှစ်စဉ်နိုင်ငံခြားငွေဒေါ်လာ (၁၃)ဘီလီယံရရှိနိုင်ပါကြောင်းလည်းရေးသား ဖော်ပြထားသည်။ လယ်ယာထွက်ကုန်များနှင့် လယ်ယာထွက်ကုန်များဖြင့်ထုတ်လုပ်သော စားသောက်ကုန်များတင်ပို့ရန် ဈေးကွက်အလားအလာရှိပြီးပြည်ပတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လယ်ယာထွက်ကုန် ၀ယ်လိုအားမှာ ကြီးမားလျက်ရှိသည်။ သို့သော် လူတို့စားသုံးမှုအတွက် ကျန်းမာရေးနှင့် သင့်လျော်သည် ဟူသောလက်မှတ်သည် ကုန်စည်တင်ပို့ရန်အတွက် အဓိကအတားအဆီးတစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း Fresh Angle ကွန်ရက် ဆောင်းပါးအရ သိရှိရသည်။

Source: https://www.commerce.gov.mm
 

Category: International News