International News

အာရှ LNG ပေါက်ဈေး ၁၀ ဒေါ်လာအောက်သို့ ကျဆင်း

Last Updated:

       အာရှတွင် သဘာဝဓာတ်ငွေ့ရည်  liquefied natural gas (LNG) ကာလပေါက်ဈေး ကျဆင်းနေသော်လည်း အလုအယက်ဝယ်ရလောက်သည့် ရေချိန်သို့ မရောက်သေးပါ။ ဝယ်လိုအား မြင့်တက်စေရုံလောက်သာ ဈေးနှုန်းကျဆင်းခြင်းဖြစ်သည်။ မေလ ၁၉ ရက်တွင်  mmBtu(million British thermal unit) တစ်ယူနစ်လျှင် $9.80 သို့ ကာလပေါက်ဈေး ကျဆင်းခဲ့သည်။ ၂ နှစ်တာအတွင်း ၁၀ ကန်ဒေါ်လာအောက်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်သည်။

     ၂၀၂၂ ဒီဇင်ဘာလ ၁၆ ရက်တွင် mmBtu တစ်ယူနစ် $38 သို့  ဆောင်းတွင်းကာလ အမြင့်ဈေးနှုန်းရောက်ရှိခဲ့သည်။ ယမန်နှစ်က ဥရောပသည် ရုရှားပိုက်လိုင်းထံမှ ဓာတ်ငွေ့ဆက်လက်ရရှိဖို့ မသေချာသဖြင့် ကမ္ဘာ့ဈေးကွက်ထဲ သိမ်းကျုံးဝယ်ယူခဲ့ရာ ဩဂုတ်လတွင် မကြုံစဖူး $70.50 အထိ မြင့်တက်ခဲ့သည်။ ယခုအခါ အာရှမှ တင်သွင်းသူတို့က မှန်တမ်းဖြင့် သာ တင်သွင်းနေကြရာ LNG ကာလပေါက်ဈေး ကျဆင်းသည်။အာရှသည် ယခု မေလတွင် ပြီးခဲ့သည့် ဧပြီလနည်းတူ LNG တန်ချိန် ၂၀.၈၁ သန်း တင်သွင်းမည်ဟု ခန့်မှန်းသည်။ မတ်လတွင် တန်ချိန် ၂၂.၁၆ သန်း တင်သွင်းခဲ့သည်ထက် အနည်းငယ် လျော့နည်းသည်။

      အာရှမှာ LNG အဓိကတင်သွင်းသည့်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသည် မတ်လတွင် တန်ချိန် ၅.၅၅ သန်း၊ ဧပြီလတွင် တန်ချိန် ၅ သန်း တင်သွင်းခဲ့ပြီး မေလတွင် တန်ချိန် ၄.၂၄ သန်း တင်သွင်းမည်ဟု ခန့်မှန်းသည်။ တစ်လထက်တစ်လ လျော့ကျနေသည်။ ယမန်နှစ်က  LNG ကမ္ဘာ့အများဆုံး တင်သွင်းသည့်နိုင်ငံ သရဖူကို တရုတ်နိုင်ငံထံမှ ဂျပန်နိုင်ငံ ပြန်လည်ရယူခဲ့သည်။ LNG ပေါက်ဈေး မြင့်တက်နေသဖြင့် တရုတ်ဝယ်လက်များ အဝယ်နည်းပါးခဲ့သည်။ ယခုအခါ  နှစ်ရှည်စာချုပ်ဖြင့် မဟုတ်ဘဲ ပေါက်ဈေးအရောင်းအဝယ် ဈေးကွက်ထဲသို့  တရုတ်ဝယ်လက်များ ပြန်လည်ရောက်ရှိလာကြသည်။ သို့သော် ယခုနှစ် ၂၀၂၃ တွင် ၎င်းတို့ ဝယ်သည့် ပမာဏသည် နည်းပါးသည်။ မေလတွင် တန်ချိန် ၅.၂၃ သန်း တင်သွင်းကြလိမ့်မည်ဟု ခန့်မှန်းသည်။  မတ်လတွင် ၅.၄၆ သန်း၊ ဧပြီလတွင် ၅.၃၃ သန်း တင်သွင်းခဲ့သည်။ mmBtu  တစ်ယူနစ်  $10  အောက်တွင် ဖြစ်မှသာ တရုတ်ဓာတ်ငွေ့ စက်ရုံများသည် ပြည်တွင်း ဈေးကွက်ထဲတွင် တွက်ခြေကိုက်ပြီး ယှဉ်ပြိုင်နိုင်စွမ်း ရရှိသည်။ 

        အာရှတွင် LNG  စတုတ္ထအများဆုံးတင်သွင်းသည့် အိန္ဒိယနိုင်ငံသည် မေလတွင် တန်ချိန် ၁.၉၁ သန်းအထိ တင်သွင်းမည်ဟု ခန့်မှန်းသည်။ မတ်လတွင်  တန်ချိန် ၁.၈၄ သန်း၊  ဧပြီလတွင် တန်ချိန် ၁.၃၂ သန်း တင်သွင်းခဲ့သည်။ LNG  စျေးနှုန်းကျဆင်းခြင်း ဆက်လက်ဖြစ်ပေါ်နေခဲ့လျှင် ဇွန်လမှစတင်၍ ဝယ်လိုအားကို မြှင့်တင်နိုင်ဖွယ်ရှိသည်။

Source Reuters

https://www.industrialdirectory.com.mm

Category: International News