Local News

ပခုက္ကူကြက်သွန်နီစျေးကွက်တွင် ကုန်ဝင်နည်းပါးပြီး တစ်ပိဿာ ကျပ် ၂၀၀၀ ပေါက်စျေးရှိ

Last Updated:

          ပခုက္ကူကြက်သွန်စျေးကွက်အတွင်း မေလနောက်ဆုံးပတ်တွင် ကုန်ဝင်နည်းပါးနေဆဲဖြစ်ပြီး အရောင်းအဝယ်ပုံမှန်ရှိသည့်အတွက် တစ်ပိဿာ ကျပ်၂၀၀၀ အထိ ပေါက်စျေးရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်အထိ ပခုက္ကူကြက်သွန်စျေးကွက်သို့ ပိဿာချိန်တစ်သိန်းခန့် နေ့စဉ်ဝင်ရောက်ခဲ့သော်လည်း မိုခါမုန်တိုင်းပြီးနောက်တွင် နေ့စဉ်ပိဿာချိန် ၂၀၀၀၀ ဝန်းကျင်သာ ဝင်ရောက်ကြောင်း သိရသည်။ပခုက္ကူကြက်သွန်စျေးကွက်သို့ ပိဿာချိန် နှစ်သောင်းခန့် ဝင်ရောက်သည့် မေ ၂၃ ရက်တွင် ဂျွန်သေးတစ်ပိဿာ ကျပ် ၁၀၀၀-၁၃၀၀၊ ဂျွန်လတ်တစ်ပိဿာ ကျပ် ၁၄၀၀-၁၇၀၀ နှင့် ဂျွန်ကြီးတစ်ပိဿာ ကျပ် ၁၈၀၀-၂၀၀၀ ဖြင့် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။

       “ကုန်ဝင်နည်းတယ်။ အရောင်းအဝယ်က သူ့စျေးနဲ့သူဖြစ်တယ်။ ပစ္စည်းကောင်းရှားတယ်။ စျေးကတက်နေတော့ တောင်သူက အောက်စအရင်ရောင်းပြီး ပစ္စည်းကောင်းကို စျေးစောင့်ရင်း ထိန်းထားတဲ့သဘော။ မုန်တိုင်းပြီးစဆိုတော့ ရွာတွေက သွားရေးလာရေးအခက်အခဲရှိချင်ရှိမှာ။ ပစ္စည်းကောင်းဝင်ရင်တော့ စျေးထပ်တက်နိုင်ပါတယ်” ဟု ကြက်သွန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ ပခုက္ကူကြက်သွန်နီ စျေးကွက်သို့ ကြက်သွန်နီအသစ်များ စတင်ဝင်ရောက်ချိန်တွင် တစ်ပိဿာ ကျပ် ၁၀၀၀ အောက်ဖြင့်သာ ရောင်းဝယ်ခဲ့ရသည့်အတွက် တောင်သူများ အဆင်ပြေမှုနည်းပါးခဲ့ပြီး လက်ရှိကာလ စျေးနှုန်းမြင့်တက်ချိန်မှသာ အကျိုးအမြတ်ရရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လမှ နိုဝင်ဘာလအတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ် ၃၀၀၀ ခန့်ဖြင့် ရောင်းဝယ်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှ ယခုနှစ်ဧပြီလထိ စျေးနှုန်းအကျဖြင့် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။

Source: https://news-eleven.com
 

Category: Local News