Local News

ဝါစျေးများတည်ငြိမ်လျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီးတွင် ဝါစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မြို့နယ်အားလုံးနီးပါးစိုက်ပျိုး ကြပြီး ဂန့်ဂေါခရိုင်ရှိမြို့နယ်များတွင် အနည်းငယ်သာစိုက်ပျိုးကြပါသည်။ တစ်တိုင်းလုံးအနေဖြင့် (၁၇၂၇၉၃) ဧက စိုက်ပျိုးလျက်ရှိပါသည်။ ဝါသီးနှံသည် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်နှင့်အညီ ဝါကြိတ်စက်များ၊ ဝါစေ့ဆီကြိတ်စက်များမှ အများဆုံးဝယ်ယူမှုများရှိနေသည်။ ကြိတ်ပြီးသည့် ဝါများကို ပြည်ပသို့ကုန်ကြမ်းအတိုင်း တင်ပို့နေပြီး ဝါစေ့ဆီကိုပြည်တွင်းသုံးဖြစ်သည့် ပဲကြော်ဖိုများမှ ဝယ်လိုအားများနေသည်။ ဝါစေ့ဆီသည် အခြားဆီများထက်အကြော်ခံသည့် အတွက် အကြော်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များမှ ကြိုက်နှစ်သက်ကြသည်။

ဝါလုပ်ငန်းရှင်များအသင်းမှ ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးရေးနှင့်ကွင်းဆက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ”မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လိုအပ်သည့်ချေးငွေရရှိရေး၊ လိုအပ်သည့်မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေးနည်းစနစ်များနှင့် ထွက်ရှိလာသော ဝါများကို ပြည်ပတင်ပို့သည့်အခါ ကော့သောင်း-ရနောင်းလမ်းမှ တင်ပို့ပါက ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဒေါ်လာပြန်သွင်းရသည့်စနစ်မှ ကင်းလွတ်ခွင့်ပြုထားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲရလာဒ် အရသိရှိရသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် A အဆင့်ဝါအား ပိဿာချိန်၂၉ သိန်း၊ C အဆင့်ဝါအား ပိဿာချိန်၁သိန်း စုစုပေါင်း ဝါပိဿာချိန် သိန်း ၃၀ ကို စက်မှုဝန်ကြီးဌာနမှ ဝယ်ယူသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဝါစျေးနှုန်းအနေဖြင့် ဝါထွက်ပေါ်စအချိန် ဇန်နဝါရီတွင် ဝါတစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊  ဖေဖေါ်ဝါရီတွင် ဝါတစ်ပိဿာလျှင် ကျပ်(၃၄၀၀)၊ မတ်လတွင် ဝါတစ်ပိဿာလျှင် ကျပ်(၃၃၀၀/ ၃၂၀၀)၊ ဧပြီလတွင် ဝါတစ်ပိဿာလျှင် ကျပ်(၃၀၀၀/၂၈၀၀)စျေးဖြင့် တစ်ဖြေးဖြေးကျဆင်းလာပြီး မေလတွင် ဝါတစ်ပိသာလျှင် ကျပ်(၂၈၀၀)စျေးဖြင့် စျေးငြိမ်နေသည်ကို တွေ့ရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News