International News

ဆန်ဈေးမြင့်တက်သဖြင့် အာရှတွင် စားသောက်ကုန် ကုန်ဈေးနှုန်း မြင့်တက်လာ

Last Updated:

အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု တားမြစ်ခြင်းနှင့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် အာရှဆန်ဈေးသည် ၁၂ နှစ်အတွင်း အမြင့်ဆုံးသို့ တက်လာခဲ့သည်။ အာရှမှာ ကုန်ဈေးနှုန်း မုန်တိုင်းတစ်ခု တိုက်ခတ်ရန် သန္ဓေစတည်နေပြီဟု စိုးရိမ်မကင်းဖြစ်ကြသည်။ “ကမ္ဘာ့ဆန်ဈေးက အထူးစိုးရိမ်စရာ ဖြစ်နေပါတယ်။ လာမယ့်လများအတွင်း စားသောက်ကုန်  ဈေးနှုန်းများ  မတည်ငြိမ်ဘဲ အတက်ဘက်မှာ ရောက်နေလိမ့်မယ်ဆိုတာ သိသာပါတယ်" ဟု အာရှဖွံ့ဖြိုးရေးဘဏ်မှ အကြီးတန်း ဒါရိုက်တာ Qingfeng Zhang က ပြောကြားသည်။

အာရှတွင် ယခုနှစ်တွင် ယခုအထိ စားသောက်ကုန် ကုန်ဈေးနှုန်းများကို အတော်လေးထိန်းနိုင်ခဲ့ကြသည်။ သို့သော် ကမ္ဘာ့ဆန်ဈေးတက်လျှင် အာရှတွင် အခြားစားသောက်ကုန်များလည်း ကျယ်ကျယ်ပြန့်ပြန့် ဈေးမြင့်တက်ကြမည်ဖြစ်သည်။ ယခင်ဖြစ်ခဲ့ဖူးသည်ကို ပြန်ကြည့်မည်ဆိုလျှင် ၂၀၁၀-၂၀၁၂ စားသောက်ကုန်ဈေးနှုန်း အကျပ်အတည်း မြင့်မားလာချိန်တွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ ခန့်မှန်းချက်အရ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတကာစားနပ်ရိက္ခာ ဈေးနှုန်းများ ၃၀% မြင့်တက်ခဲ့သည်မှာ ဖွံ့ဖြိုးဆဲ အာရှဆန်ဈေး ၁၀% မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဆန်ဈေး တက်ခြင်းကြောင့် အာရှမှ စားသောက်ကုန် တင်သွင်းရသည့် နိုင်ငံအချို့တို့တွင် ဂျီဒီပီ ကြီးထွားနှုန်းတွင် ၀.၆% လျော့နည်းစေခဲ့သည်။

စားသောက်ကုန် ကုန်ဈေးနှုန်း မြင့်မားသည့်အခါ လူအများတို့၏ ဝယ်ယူနိုင်စွမ်း လျော့ကျသည်။ အိမ်ထောင်စုများသည် ဝင်ငွေမှ အစားအသောက်အတွက် သုံးရသည့် ရာခိုင်နှုန်း ပိုများလာသည်နှင့်အမျှ အခြားအသုံးစရိတ်များကို လျှော့ချဖို့ကလွဲပြီး ရွေးချယ်စရာ မရှိကြချေ။  ကမ္ဘာ့စားနပ်ရိက္ခာ  အရန်သိုလှောင်မှုများ  အထူးသဖြင့်  အာရှတွင်  ပိုများလာခြင်းသည်  ထုတ်လုပ်မှု  မတည်ငြိမ်မှုကို ခုထေပေးနိုင်မည်ဖြစ်ပြီး စားသုံးသူများအတွက် စီးပွားရေး ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချရန် ကူညီပေးသည်ဟု Morgan Stanley က အစီရင်ခံစာတွင် ဖော်ပြထားသည်။ အာရှနိုင်ငံအများစုသည် ဆန်တင်ပို့မှု လျော့ကျခြင်း၏ ဂယက်လှုပ်ခတ်မှုကို ခံနိုင်ရည်ရှိမည်ဟု ခန့်မှန်းထားကြသည်။

“ဈေးတွေက ကျိန်းသေပေါက် တက်လာတယ်။ ဒါပေမဲ့  ရောင်းလိုအားနဲ့ ဝယ်လိုအားတွေကို ခြုံငုံပြီး ကြည့်မယ်ဆိုရင် အာရှနိုင်ငံတွေဟာ ဆန်ဈေးတက်တာကြောင့် ထိခိုက်မှုကို ခံနိုင်ရည်ရှိတဲ့  အနေအထားမှာ ရှိနေတယ်" ဟု Maybank မှ စီးပွားရေး ပညာရှင် Erica Tay က သုံးသပ်သည်။ ဒေသတွင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ပြည်တွင်းစားသုံးမှု ဖူလုံသည့်အပြင် ပြည်ပသို့ ဆန်တင်ပို့နေကြသည့် နိုင်ငံများဖြစ်သည်ဟု သူမကဆိုသည်။ 

သို့ဖြစ်ရာ ၎င်းနိုင်ငံများသည် အိန္ဒိယဆန် မတင်ပို့သဖြင့် ထိခိုက်မှု မရှိချေ။ ပို့ကုန်ဆန် ဈေးပိုရသဖြင့် အကျိုးဖြစ်ထွန်းမည် ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ဆန်ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသည်ပြည်တွင်း ဆန်လိုအပ်ချက်၏ ၁% ကိုသာ ပြည်ပမှ တင်သွင်းဖို့ လိုအပ်သည်။ ယင်းလိုအပ်ချက်ကို ဗီယက်နမ်ဆန်နှင့် မြန်မာဆန်တင်သွင်းပြီး ဖြည့်တင်းသည်။ သို့ဖြစ်ရာ အိန္ဒိယဆန်  မတင်ပို့သဖြင့် ထိခိုက်မှု ရှိလာမည် မဟုတ်ချေ။ တရုတ်ပြည်တွင် ရေကြီးသဖြင့် စပါးခင်းများ ပျက်စီးမှုရှိသော်လည်း တိုင်းပြည်တွင် ဆန်လက်ကျန်သည် အနည်းဆုံး ၈ လစာ ဖူလုံအောင် စီမံထားသည်။ အိန္ဒိယဆန် မတင်ပို့သဖြင့် ထိခိုက်နိုင်သည့် နိုင်ငံများမှာ ဆန်တင်သွင်းရသည့် နိုင်ငံများဖြစ်ကြသည့် စင်ကာပူ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ ဖြစ်သည်။ စင်ကာပူ၊ ဟောင်ကောင် တို့သည် ပြည်တွင်းစားသုံးမှု၏ ၁၀၀% ကို ပြည်ပမှ တင်သွင်းကြသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News