International News

အိန္ဒိယ သကြားတင်ပို့မှု တားမြစ်မည်

Last Updated:

အိန္ဒိယနိုင်ငံတွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ကြံအထွက်နှုန်း  လျော့ကျမည်ဖြစ်သဖြင့်  လာမည့်အောက်တိုဘာလတွင် ပြည်ပသို့ သကြားတင်ပို့ခြင်းမှ တားမြစ်ဖွယ်ရှိသည်။ ၇ နှစ်အတွင်း ပထမဆုံးအကြိမ် သကြားတင်ပို့မှု တားမြစ်ခြင်းဖြစ်လိမ့်မည်။ အိန္ဒိယသကြား ကမ္ဘာ့ဈေးကွက်ထဲ ရောက်မလာတော့သည့်အခါ ကမ္ဘာ့သကြားဈေးကွက်တွင် သကြားဈေးတက်မည်။ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့စားသောက်ကုန် ဈေးကွက်များတွင် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လိမ့်မည်။

"ကျွန်တော်တို့ရဲ့ အဓိက ဦးတည်ချက်မှာ ပြည်တွင်းသကြားလိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် ပိုလျှံသောကြံမှ အီသနောကို ထုတ်လုပ်ရန်ဖြစ်ပါတယ်" ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။ “ဒီ‌တော့ လာမယ့်ရာသီမှာ သကြားပို့ကုန်ခွဲတမ်းများအတွက် ခွဲဝေချထားပေးဖို့ ကျွန်တော်တို့မှာ သကြားအလုံအလောက်ရှိမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားသည်။အိန္ဒိယနိုင်ငံသည် စက်တင်ဘာလအထိ လက်ရှိရာသီအတွင်း သကြားတန်ချိန် ၆ ဒသမ ၁ သန်းသာ တင်ပို့ရန် ခွင့်ပြုခဲ့သည်။  ယခင်ရာသီတွင် သကြားတန်ချိန် ၁၁.၁ သန်း တင်ပို့ရန် ခွင့်ပြုခဲ့သည်။

၂၀၁၆ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံသည် ပြည်ပသို့ သကြားတင်ပို့မှုအပေါ် အခွန် ၂၀% ချမှတ်ခဲ့သည်။ သကြားတင်ပို့မှု လျော့ကျစေရန် အခွန်တိုးမြှင့် ကောက်ခံခြင်းဖြစ်သည်။ ယခုနှစ် မုတ်သုန်မိုးသည် အိန္ဒိယနိုင်ငံ သကြားထွက်ရှိမှု စုစုပေါင်း၏ ထက်ဝက်ကျော်ကို ထုတ်လုပ်ပေးနေသည့် ပြည်နယ်နှစ်ခု ကာနာတာကာနှင့် မဟာရာရှာထရာတို့တွင် ပျမ်းမျှအောက် ၅၀% ကျော် လျော့နည်းခဲ့သည်။

မိုးကွက်ကြားရွာသွန်းပါက ၂၀၂၃/၂၄ ရာသီတွင် သကြားထွက်ရှိမှု လျော့ကျမည်။ ၂၀၂၄/၂၅ ရာသီတွင် စိုက်ပျိုးမှု လျော့နည်းမည်။ ပြည်တွင်းသကြားဈေးသည် ယခုတစ်ပတ်အတွင်း ၂ နှစ်တာအတွင်း အမြင့်ဆုံးသို့ ခုန်တက်သွားခဲ့သည်။ သကြားစက်များမှာ အရန်သိုလှောင်ထားသည့် သကြားများကို ယခု ဩဂုတ်လတွင် တန်ချိန် ၂ သိန်း တိုးမြှင့်ရောင်းချရန် အစိုးရက ခွင့်ပြုပေးခဲ့သည်။ အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ၂၀၂၃/၂၄  ရာသီတွင် တန်ချိန် ၃၁.၇ သန်းသို့ ကျဆင်းသွားနိုင်သည်။

Source: https://www.foodindustrydirectory.com.mm

Category: International News