Local News

ပွင့်လင်းရာသီနီးကပ်လာပြီဖြစ်၍ ဘိလပ်မြေများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင့်များမှ တင်သွင်းမှုရှိနေ

Last Updated:

ပွင့်လင်းရာသီနီးကပ်လာပြီဖြစ်၍ ဘိလပ်မြေများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်သွင်းမှုရှိနေကြောင်း သိရသည်။ ယခုအခါ ပွင့်လင်းရာသီနီးကပ်လာနေပြီဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်စွာလုပ်ကိုင်ဆောင်ရွက်လာကြတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအခါ ဘိလပ်မြေဈေးကွက်အနေဖြင့် ဘိလပ်မြေများကို ကြိုတင်မှာယူတင်သွင်းနေကြပြီဖြစ်သဖြင့် ပြီးခဲ့သည့် ဩဂုတ်လတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၃၀၂ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၃၀၀၀ ကျော်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈၅ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၀၀၀၀ ခန့် စုစုပေါင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၇ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၃၀၀၀ ကျော်တင်သွင်းခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာလတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၇၅ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၄၀၀ ကျော်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆၅ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၆၀၀၀ ကျော် စုစုပေါင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၆၄၀၀ မှာယူတင်သွင်းခဲ့ကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာလတွင် ဘိလပ်မြေများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းက မှာယူတင်သွင်းရာတွင် မလေးရှားနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၂၅၀ ကျော်နှင့် တရုတ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၅၀ ကျော် တင်သွင်းခဲ့ခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်သွင်းရာတွင် ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၆၀၀၀ ကျော် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ပွင့်လင်းရာသီ နီးကပ်လာတော့မည်ဖြစ်၍ ဘိလပ်မြေများကို လစဉ်တင်သွင်းမှုရှိနေပြီး ဘိလပ်မြေတင်သွင်းမှု ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News