International News

ဗီယက်နမ်နိုင်ငံ၏ အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်း နည်းလမ်းမှတဆင့်တင်ပို့မှုများ မြင့်တက်

Last Updated:

မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်နိုင်ငံသည် အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းမှတဆင့် တင်ပို့မှုများမြင့်တက်ခဲ့ပြီး အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်း ရောင်းဝယ်ခြင်းကဏ္ဍ လျှင်မြန်စွာတိုးတက်လာသည်နှင့်အမျှ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)သည် အကျိုးအမြတ်များ ခံစားရရှိရန် အကောင်းဆုံး အခြေအနေတွင် ရှိနေပြီဖြစ်ပါသည်။

ဗြိတိန်နည်းပညာအကြံပေးကုမ္ပဏီ Access Partnership က ၂၀၂၂ ခုနှစ်အတွက်  ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းမှ စားသုံးသူထံသို့ (business-to-consumer- B2C) အီလက်ထရော နစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းမှတဆင့် တင်ပို့မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံခန့်ရှိပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁ % ဖြစ်ကြောင်း၊ အကယ်၍ MSMEs များက ၎င်းတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတင်ပို့ရာတွင် အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ရေးကို အသုံးပြုကြမည်ဆိုပါက ၂၀၂၇ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ရေး ပို့ကုန်ပမာဏသည်နှစ်စဉ် တိုးတက်မှုနှုန်း ၇ %  ဖြင့် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယ ံရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံစီးပွားရေးလုပ်ငန်းများသည် အမေဇုန်မှတဆင့် ရောင်းဝယ်ရာမှ အကျိုးအမြတ်များစွာရရှိပြီး အမေဇုန်သည် ဗီယက်နမ်ဆိုင်ရာ သီးခြားရုံးအဖွဲ့တစ်ခုကို ၂၀၁၉ တွင် လာရောက် တည်ထောင်ထားပြီးဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းအထောက်အကူပြု အစီအစဉ်များကလည်း အမေဇုန်မှတဆင့် စားသုံးသူ သန်းပေါင်း ၃၀၀ ကျော်နှင့် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်ကို ဆက်သွယ်နိုင်ရေး ကူညီပေးလျက် ရှိပါသည်။ စီးပွားရေးလုပ်ငန်း အထောက်အကူပြုအစီအစဉ်များ၏ အစီရင်ခံစာအရ အမေဇုန်မှ တဆင့် ဗီယက်နမ်နိုင်ငံထုတ်ကုန် ၁၀ သန်းခန့်မှာ ရောင်းချနေပြီး ဗီယက်နမ်နိုင််ငံကုန်သွယ်ဘက် ၈၀ % ကျော်နှင့် ဆက်သွယ်နေကြောင်း ဖော်ပြထားပါသည်။ အမေဇုန်ကလည်း ၎င်းကိုအသုံးပြု၍ ဗီယက်နမ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၃ တွင် စံချိန်ချိုးနိုင်ရန် မျှော်လင့်ထားပါသည်။

ဗီယက်နမ်နိုင်ငံအီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် ဒီဂျစ်တယ်စီးပွားရေး အဖွဲ့ (Vietnam E-commerce and Digital Economy Agency )မှ ဒုတိယညွှန်ကြားရေးမှူး Lai Viet Anh က  ဗီယက်နမ်နိုင်ငံစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ ထုတ်ကုန်များဈေးကွက် ပိုမိုရရှိရေးအတွက် အီလက်ထရောနစ်နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်းဝယ်ခြင်း လမ်းကြောင်းတွင် ကောင်းမွန်စွာလိုက်ပါနိုင်ပြီဖြစ်ကြောင်း ၊ ဈေးကွက်သုံးသပ်သူ အများစုက လာမည့် ၄ နှစ်အတွင်း ဗီယက်နမ်၏ အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်သည့်ပို့ကုန်မှရငွေသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံထက် ပိုမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ လုပ်ငန်းရှင်များအနေဖြင့် တင်သွင်းသည့်ဈေးကွက်၏ ဥပဒေများ၊ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်၊ ဈေးကွက်မြှင့်တင်ရေး (သို့မဟုတ်) ထောက်ပံ့သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် ဈေးကွက်သတင်းများစသည့် အတားအဆီး ၄ ခုကိုမူ ကျော်ဖြတ်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံမှ အခြောက်ခံထားသော စားသောက်ကုန်များ၊ အဖျော်ယမကာများ၊ ဆေးဝါး၊ အဝတ် အထည်နှင့်အထည်အလိပ်များ၊ လက်မှုပစ္စည်းများကို အမေဇုန်တွင် ရောင်းချနေပြီး အိမ်သုံး ပစ္စည်းများ၊ အဝတ်အထည်နှင့် အထည်အလိပ်များ၊ ကျန်းမာရေးပစ္စည်းများမှာနိုင်ငံတကာ အွန်လိုင်းဈေးကွက်တွင် နာမည်ရထားကြောင်း အမေဇုန်က ပြောကြားထားသည်။

ပညာရှင်များက အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းသည် ဗီယက်နမ်နိုင်ငံ ကုန်စည်အများစုအတွက် ပို့ကုန်အခွင့်အလမ်းများ ပွင့်လင်းစေမှာဖြစ်ပြီး စားသုံးသူများ အကြိုက်နှင့်ကိုက်ညီသောကုန်စည်များ ထုတ်လုပ်ခြင်းနှင့်အတူ အထူးလျှော့ဈေး၊ တန်ဖိုးမြှင့် အမှာစာများအတွက် အခမဲ့ပို့ဆောင်ပေးခြင်းစသည့် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို  ကျင့်သုံးသင့်ကြောင်း အကြံပြုထားပါသည်။

Source: https://commerce.gov.mm

Category: International News