International News

၂၀၂၃ ခုနှစ်၏ ပထမ ကိုးလအတွင်း တရုတ်နိုင်ငံ၏ FDI စီးဝင်မှုမှာ ယွမ် ၉၂၀ ဘီလီယံ ဝန်းကျင်ရှိ

Last Updated:

          တရုတ်ပြည်မကြီးတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ၂၀၂၃ ခုနှစ်၏ ပထမ ကိုးလအတွင်း ယွမ် ၉၁၉ ဒဿမမ ၉၇ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၂၈ ဘီလီယံခန့်) ရှိ ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

          အဆိုပါကိန်းဂဏန်းမှာ ယခင်နှစ်ကထက် ၈ ဒဿမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှု နှေးကွေးခြင်းနှင့် ယခင်နှစ်တွင် စံချိန်တင် မြင့်မားသော အခြေခံအချက်များကြောင့် ကျင်းဆင်းခဲ့ရခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြား ခဲ့သည်။ 

        ၂၀၂၃ ခုနှစ်၏ ပထမ ကိုးလတာ ကာလအတွင်း နိုင်ငံတစ်ဝှမ်း၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းသစ် ၃၇,၈၁၄ ခု တည်ထောင်နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၂ ဒဿမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ထုတ်လုပ်မှု ကဏ္ဍတွင် FDI သည် တစ်နှစ်ထက်တစ်နှစ် ၂ ဒဿမ ၄ ရာခိုင်နှုန်း တိုးလာပြီး နည်းပညာမြင့် ထုတ်လုပ်မှုကဏ္ဍတွင် ၁၂ ဒသမ ၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အဆိုပါ ကာလအတွင်း ပြင်သစ်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့မှ FDI များသည် ၁၂၁ ဒဿမ ၇ ရာခိုင်နှုန်း၊ ၁၁၆ ဒဿမ ၉ ရာခိုင်နှုန်းနှင့် ၁၀၉ ဒဿမ ၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရှိရသည်။

            တရုတ်နိုင်ငံ၏ FDI သည် ရေရှည်တွင် အပြုသဘောဆောင်သော တိုးတက်မှုလမ်းကြောင်း ပေါ်၌ ရောက်ရှိနေပါကြောင်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေရန် နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာမှုကို ပိုမိုမြှင့်တင်ရန် နိုင်ငံ၏ နိုင်ငံတော်ကောင်စီမှ လမ်းညွှန်ချက်များကို ထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

        နောက်ခြေလှမ်းတစ်ခုအနေဖြင့် ဝန်ကြီးဌာနသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အနုတ် လက္ခဏာစာရင်းကို အချိန်တိုအတွင်း ပြုပြင်ပြောင်းလဲနိုင်ရန် ရှေ့ပြေးလွတ်လပ်သော ကုန်သွယ်မှုဇုန်များ ဖွင့်လှစ်ခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍများကို ဆက်လက် ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် စဉ်ဆက်မပြတ် စမ်းသပ်မှုများ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူက ထပ်လောင်း ပြောကြားခဲ့သည်။

       ယခုကာလအတွင်း တရုတ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရေအတွက် တိုးလာခဲ့ သော်လည်း ယခင်နှစ်ထက် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျဆင်းလာခဲ့ပါသည်။ သို့ပါ၍ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန်အတွက် လွတ်လပ်သောကုန်သွယ်ရေးဇုန်များ သက်ဆိုင်ရာပြည်နယ် များအလိုက်ဖွင့်လှစ်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှုကဏ္ဍများ ပိုမို ဖွံဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သည့် အစီအစဉ်များ၊ ဖိုရမ်များနှင့် မိတ်ဆက်ပွဲများကို ထိထိရောက်ရောက်ဖော်ဆောင် လာနိုင်ခဲ့ပါသည်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသာမက ဥရောပနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်များ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အခမ်းအနားများကို Online/Offline စနစ်ဖြင့် ယခင်ထက် ပိုမိုကျင်းပလာခဲ့ပါသည်။ သို့ဖြစ်ပါ၍ တရုတ်နိုင်ငံ၏ FDI စီးဆင်းမှုမှာ နောင်တွင် ပိုမိုတိုးတက်လာနိုင်ဖွယ်ရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

အရင်းမြစ်။ http://en.people.cn/n3/2023/1021/c90000-20087324.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

 

Category: International News