ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် အခွန်တိုးမြှင့်ကောက်ခံမှုများအပေါ် စိုးရိမ်မှုများရှိနေသော်လည်း ကမ္ဘာ့ကုန်သွယ်မှုသည် အံ့အားသင့်ဖွယ်တိုးတက်လာကြောင်း၊ ကုန်သွယ်ဖက်နိုင်ငံများကို အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ် စတင်သော်လည်း ယင်းတိုးတက်မှုသည်ဆက်လက်ရှိနေမည်ဖြစ်ကြောင်း DHL အမြန်ချောပို့လုပ်ငန်းနှင့် နယူးယောက်၊ Stern စီးပွားရေးတက္ကသိုလ်တို့၏ ကုန်သွယ်မှုအစီရင်ခံစာ Trade Atlas (၂၀၂၅) အရ သိရှိရသည်။
မကြာသေးမီက ခန့်မှန်းချက်များအရ ၂၀၂၄ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်း ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် ဂျီဒီပီတိုးတက်မှုနှုန်းနှင့်အတူ ချိန်ညှိ၍ နှစ်စဉ် ၃.၁ % တိုးတက်နိုင်ပြီး ယခင်ဆယ်စုနှစ်များနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုတိုးတက်မှုနှုန်း ပိုမိုမြန်ဆန်လာနိုင်ကြောင်း၊ အမေရိကန်အစိုးရသစ်၏ အခွန်နှုန်းထား တိုးမြှင့်ကောက်ခံမှု အဆိုပြုချက်အပေါ် အခြားနိုင်ငံများက တုံ့ပြန်ဆောင်ရွက်မှုများရှိသော်လည်း ကမ္ဘာ့ကုန်သွယ်မှုသည် လာမည့်ငါးနှစ်ကျော်အထိ နှေးကွေးသောအရှိန်ဖြင့် တိုးတက်နေမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ Trade Atlas (၂၀၂၅) အစီရင်ခံစာအရ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုန်သွယ်မှုတိုးတက်နိုင်ခြေ သိသိသာသာရှိကြောင်း၊ ၂၀၀၈ ကမ္ဘာ့ငွေကြေးဂယက်၊ ၂၀၂၀ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပထဝီနိုင်ငံရေး အကြပ်အတည်းများရှိသော်လည်း နိုင်ငံတကာကုန်သွယ်မှုသည် ကြံ့ကြံ့ခံခဲ့ကြောင်း၊ ကုန်သွယ်မှုပမာဏနှင့် တိုးတက်မှုနှုန်းအရ တွက်ချက်ကြည့်ရာ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့သည့် ကမ္ဘာ့ထိပ်တန်း ကုန်သွယ်မှုတိုးတက်မှုနှုန်း မြင့်မားသော နိုင်ငံ ၃၀ တွင်ပါဝင်ကြောင်း၊ ကုန်သွယ်မှုပမာဏနှင့် တိုးတက်မှုနှုန်းတို့အရ တရုတ်က ၁၂ % ဖြင့် ပထမ၊ အမေရိကန်က ၁၀ % ဖြင့် ဒုတိယနှင့် အိန္ဒိယက ၆ % ဖြင့် တတိယ အများဆုံးတိုးတက်ကြောင်း၊ ၎င်းတို့သည် အာရှ၊ ဥရောပနှင့် မြောက်အမေရိကတို့၏ ကုန်သွယ်မှုတိုးတက်ရေး ရွက်ဆောင်နိုင်ကြောင်း၊ ကုန်သွယ်မှု တိုးတက်မှုနှုန်းအလျင်မြန်ဆုံး မျှော်မှန်းထားသည့် နိုင်ငံများတွင် အာဖရိကနှင့် လက်တင် အမေရိကရှိ နိုင်ငံများလည်း ပါဝင်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်း ကမ္ဘာ့ကုန်သွယ်မှုပမာဏတိုးတက်မှု အလျင်မြန်ဆုံး အဓိကဒေသများတွင် တောင်အာရှနှင့် အလယ်အာရှနိုင်ငံများ၊ ဆာဟာရအာဖရိက ဒေသတွင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများပါဝင်ပြီး နှစ်စဉ်တိုးတက်မှုနှုန်း ၅ % မှ ၆ % အကြား ရှိနိုင်ကြောင်း၊ အခြားဒေသတွင်းနိုင်ငံများ၏ တိုးတက်မှုမှာ ၂ % မှ ၄ % အထိ ရှိနိုင်ကြောင်း၊ ပုံမှန် စီးပွားရေး အလေ့အထအရ ကုန်စည်များကို စားသုံးသူများအနီးတွင် ထုတ်လုပ်ပြီး စားသုံးသူများကလည်း အနီးပတ်ဝန်းကျင်မှ ဝယ်ယူလေ့ရှိကြသော်လည်း ဒေသတွင်းကုန်သွယ်မှုကိုသာ အားပေးနေခြင်းမျိုး မဟုတ်ပဲ ဝေးကွာသောနေရာများမှလည်း ဝယ်ယူကြကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုစုစုပေါင်းတွင် ဒေသတွင်းကုန်သွယ်မှု ပါဝင်နှုန်းသည် ၅၁ % သို့ ကျဆင်းခဲ့ကြောင်း Trade Atlas က ဖော်ပြထားသည်။
အနာဂတ် အလားအလာကောင်းများအနေဖြင့် အမေရိကန်၏ တင်းကြပ်သော ကုန်သွယ်မှုမူဝါဒများကြောင့် အခြားနိုင်ငံများအကြား ကုန်သွယ်မှုအခွင့်အရေးများ ပိုမိုရရှိလာနိုင်ခြင်း၊ အမေရိကန်၏ အကောက်ခွန်နှုန်းများကလည်း ပြည်တွင်းငွေကြေးဖောင်းပွမှုကို တားမြစ်ရန်အတွက် ရွှေ့ဆိုင်းခြင်း သို့မဟုတ် ကုန်သွယ်ဘက်နိုင်ငံအလိုက် ပြင်ဆင်အဆိုပြုခြင်းတို့ဖြစ်လာနိုင်ခြင်း၊ လက်ရှိ ကမ္ဘာ့ကုန်သွယ်မှုဝေစုတွင် အမေရိကန်၏ သွင်းကုန်က ၁၃ % နှင့် ပို့ကုန်က ၉ % သာ ပါဝင်သဖြင့် ကမ္ဘာ့ကုန်သွယ်မှုတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုရှိရန် အားနည်းခြင်း၊ သို့သော် နိုင်ငံငယ်များအတွက် ဆိုးကျိုးခံစားရနိုင်ခြင်း စသည့်သုံးသပ်ချက်များကိုအစီရင်ခံစာတွင် ဖော်ပြထားပါသည်။
Source: https://www.parcelandpostaltechnologyinternational.com
Source: https://commerce.gov.mm