Local News

အဝယ်လိုက်များလာသည့် အတွက် ကြက်သွန်နီစျေး ပြန်တက်လာ

Last Updated:

       စျေးကျဆင်းနေသည့် ကြက်သွန်နီများ အဝယ်လိုက်များလာသည့်အတွက် စျေးကောင်းနေကြောင်း  ကြက်သွန်ဈေးကွက်ထဲမှ သိရသည်။ ဗီယမ်နမ်နိုင်ငံအပြင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံကပါ အဝယ်ရှိလာကြောင်း သိရပြီး  ကြက်သွန်လှောင်မည့်သူများကပါ လိုက်လံဝယ်ယူမူများရှိနေ သည့်အတွက် စျေးတက်လာခြင်းဖြစ်ကြောင်းသိရသည်။

      “တချို့နယ်တွေမှာ စျေးလိုက်တယ်လို့ ကြားရတယ်။ ကျနော်တို့ဆီမှာ တစ်ပိဿာကို ၁၂၀၀ အထိရှိတယ်။ အခုက ပြည်တွင်းလှောင်လက်တွေ ပြန်ဆော့လာတဲ့ သဘောပါ ။ ဒီချိန်ဆို စဝယ်လာကြပြီ၊ ကြက်သွန်မစိုက်ကြတဲ့ သူတွေက ဒီချိန် လှောင်ကြတယ်။ အသုံးစရိတ်လိုတဲ့ တောင်သူတွေကတော့ ထုတ်ရောင်းကြတယ်။ လှောင်လို့တက်ရင်တော့ စျေးကကြာကြာမခံပါ ဘူး” ဟု မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှ ကြက်သွန်နီစိုက်ကုန်သည် ကိုအောင်စိုးမြင့် ကပြောသည်။

      ကြက်သွန်နီ တောစျေးက ယခင်က တစ်ပိဿာ ၇၀၀ သာရှိခဲ့ပြီး သင်္ကြန်အပြီး တစ်ပိဿာလျှင် ၉၀၀ ကျပ် မှ ၁၀၀၀ အထိ ပြန်တက်လာရာမှ လက်ရှိ ၁၂၀၀ မှ ၁၅၀၀ အထိ စျေးကောင်း နေကြောင်း တောင်သူများထံမှ သိရသည်။ “ဆယ်လပိုင်း အောက်တိုဘာလလောက်မှ စပေါ်တော့မှာ ကြက်သွန်က၊ ပေါ်ချိန်ပြီးသွားပြီး၊ ဒါကြောင့် စျေးကွက်သိကျွမ်းတဲ့ သူတွေကတော့ ထပ်တက်ဖို့ တော့ရှိတယ်လို့ ခန့်မှန်းထားကြတာပဲ၊ တနယ်နဲ့တနယ်လဲကံချင်းတူတာမဟုတ်ဘူး။ တချို့ နယ်တွေမှာ တောစျေး၁၅၀၀အထိ ဖြစ်နေကြပြီ” ဟု ကြက်သွန်စိုက် တောင်သူတစ်ဦးက ပြောသည်။

     အထွက်နှုန်းမှာ ပုံမှန်သာရှိခဲ့ပြီး တချို့ဒေသများ တွင်အထွက်နှုန်း နည်းနေသောကြောင့် ကြက်သွန်စျေး ဆက်တက်ဖို့ရှိကြောင်းတချို့ကုန်သည်များက သုံးသပ်ကြသည်။စျေးကောင်းရနေသော်လည်း ယခင်သွင်းအားစုများ စျေးမတက်ခင်က ရရှိသော ကြက်သွန်စျေး တစ်ပိဿာ ၅၀၀ မှာ တောင်သူများအနေဖြင့် စိုက်စရိတ် သာရရှိနိုင်ပြီး ယခု စိုက်ပျိုးသည့် အချိန်၊ နုတ်သည့် အချိန်တွင် ငှားရသည့် အလုပ်သမားခများအပါအဝင် မြေသြဇာခများ စျေးကြီးနေခြင်းကြောင့် ယခုရရှိသည့်စျေးမှာ အများတက်လာသည့်ဟု ပြောမရသေးကြောင်း တောင်သူများက ဆိုသည်။

       ကြက်သွန်စိုက် တောင်သူများ စျေးမရရှိခဲ့သည့်အတွက် သုံနှစ်ကျော်ဆက်တိုက် အရှုံးပေါ်ခဲ့သည့်အပြင် နိုင်ငံရေးအခြေအနေများနှင့် သွင်းအားစုများ  စျေးမြင့်ခဲ့သောကြောင့် လျော့ချ စိုက်ပျိုးခဲ့ကြကာ စျေးကွက်တွင်  စိုက်အားနှင့်ထွက်အားမှာ ပုံမှန်နှစ်များနှင့် ယှဉ်ပါက ၅၀ ရာခိုင်နှုန်းခန့်  လျော့ကျခဲ့ကာ စျေးပြန်လည်ရရှိခဲ့ကြသည်။ လက်လီစျေးကွက်တွင် ကြက်သွန် အမျိုးအစားပေါ်မူတည်ကာ တစ်ပိဿာလျှင် ၁၅၀၀ မှ ၃၅၀၀၊ ၄၀၀၀ အထိ အစားစား ပေါက်စျေးရှိကြောင်း သိရသည်။ ကြက်သွန်နီကို  ၁၁ လပိုင်း နှင့် ၁၂ လ ပိုင်းမှာ စတင်စိုက်ပျိုးကြပြီး ၄လပိုင်း အထိ နွေကြက်သွန်များ ဈေးကွက်အတွင်း ပေါ်လျက်ရှိကြောင်း သိရသည်။

Source: https://t.me/htwettoe

Category: Local News