
ကယားပြည်နယ်၊ လောပိတမြို့ဒေသသည် ရေမြေတောတောင်သာယာပြီး စိုက်ပျိုးရေး အတွက် အလွန်အလားအလာကောင်းသည့် နေရာတစ်ခုဖြစ်ပါသည်။ ဘီလူးချောင်းနှင့်နီးကပ်စွာ တည်ရှိနေပြီး ရေအရင်းအမြစ်ကြွယ်ဝစွာရရှိသည့်အပြင် အပူအအေး မျှတသောကြောင့် ငှက်ပျော ပင်များ ရှင်သန်မှုကောင်းမွန်ပြီး အရည်အသွေးကောင်းသည့် ငှက်ပျောသီးများ အထွက်များပါသည်။ စီးပွားဖြစ်စိုက်ပျိုးထားရှိသော ငှက်ပျောခင်းများမှ ဝင်ငွေကောင်းပြီး တောင်သူလယ်သမားများ စားဝတ်နေရေးအတွက် အဆင်ပြေကြပါသည်။အထူးသဖြင့်လောပိတငှက်ပျောသီးသည် ဒေသတွင် မှာတင်မကဘဲ ပြည်နယ်ပြင်ပထိ နာမည်ကျော်ကြားသည့် ထွက်ကုန်တစ်ခု ဖြစ်ပါသည်။
လောပိတမြို့၊ လောဓလေးကျေးရွာတွင် ရခိုင်ငှက်ပျောနှင့်ဖီးကြမ်းငှက်ပျောများကို အများဆုံး စိုက်ပျိုးကြပြီး ရွှေနီ၊ ရွှေဝါငှက်ပျောများကို အနည်းငယ်စိုက်ပျိုးကြပါသည်။ ဒေသခံအများစုသည် ဓာတုဗေဒမြေဩဇာကို အသုံးနည်းပြီး သဘာဝအတိုင်း(Organic)ဆန်ဆန် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၏မှတ်တမ်းများနှင့်ဒေသတွင်းခန့်မှန်းချက်များအရ ကယားပြည်နယ် တစ်ခု လုံးအတိုင်းအတာတွင် ငှက်ပျောစိုက်ဧကမှာ ပျမ်းမျှအားဖြင့် ဧက(၆,၀၀၀) မှ(၈,၀၀၀) ဝန်းကျင် ရှိပါ သည်။ယခင်က လောပိတ၊ ထီးစဲခါးဒေသများတွင် စိုက်ဧကအများဆုံး စိုက်ပျိုးခဲ့သော်လည်း ယခုအခါ လောပိတမြို့တွင်သာ အဓိကစီးပွားဖြစ်စိုက်ပျိုးသည်ကိုသာ တွေ့ရှိရပါသည်။ ပျမ်းမျှအား ဖြင့် ငှက်ပျောခြံတစ်ခြံလျှင် စိုက်ဧက (၄)ဧကမှ(၅)ဧကခန့်ထိ စိုက်ပျိုးကြပါသည်။ကယားပြည်နယ်၊ လောပိတမြို့မှထွက်ရှိသည့် ငှက်ပျောသီးများကို လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးတွင် နေ့စဉ် တင်ပို့ရောင်းချသည့်အပြင် ဖယ်ခုံ၊ ပင်လောင်း၊ အောင်ပန်း၊ တောင်ကြီးနှင့်မိတ္ထီလာစသည့် မြို့များ သို့လည်း တင်ပို့ရောင်းချပါသည်။ ငှက်ပျောပင်များကို မိုးဦးကာလတွင်စတင်စိုက်ပျိုးကြပြီး ယခုလို နွေဦးကာလ တွင်(၂) လလျှင် (၁)ကြိမ် အသီးများ ခုတ်ယူရောင်းချနိုင်ပါသည်။ ငှက်ပျောခိုင် တစ်ခိုင် လျှင် (၁၀)ဖီးမှ(၁၂)ဖီး ထွက်ရှိ၍ ရခိုင်ငှက်ပျောတစ်ဖီးလျှင်(၇၀၀)ကျပ်နှင့် ဖီးကြမ်း တစ်ဖီးလျှင် (၈၀၀) ကျပ် လက်ကား ဈေးရရှိကြောင်း ငှက်ပျောစိုက်ပျိုးသူဒေသခံတစ်ဦးထံမှ သတင်းရရှိပါသည်။
Source: https://www.doca.gov.mm/