International News

ဂျပန်နိုင်ငံတွင် ၃ နှစ်ခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆန်စျေးနှုန်းများ ပြန်လည်ကျဆင်းလာ

Last Updated:

ဂျပန်နိုင်ငံ၏ ဆန်စျေးနှုန်းများသည် ၃ နှစ်ခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် မေလတွင် ပြန်လည်ကျဆင်းသွားခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အခြေခံစားသောက်ကုန်ဖြစ်သော ဆန်စျေးနှုန်းများ ပြင်းထန်စွာ မြင့်တက်ခဲ့မှုကြောင့် အစိုးရအပေါ် ကြီးမားသောဖိအားများ သက်ရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ စျေးနှုန်းပြန်ကျလာခြင်းဖြစ်ကြောင်း သိရပါသည်။

ရာသီဥတု ပူပြင်းလွန်းခြင်းနှင့် လွန်ခဲ့သော နှစ်နှစ်က "ငလျင်ကြီး" (Megaquake) သတိပေးချက်အပြီး ထိတ်လန့်တကြား အလုအယက် ဝယ်ယူခဲ့ကြခြင်း အပါအဝင် အကြောင်းအရင်းပေါင်းများစွာနှင့် ဆက်စပ်နေသည့် ထောက်ပံ့မှုဆိုင်ရာ ပြဿနာများကြောင့် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များတွင် ဆန်စျေးနှုန်းများ ထိုးတက်သွားခဲ့ကြောင်း သိရပါသည်။

လူနေမှုအဆင့်အတန်း ကျဆင်းလာခြင်း၊ အဂတိလိုက်စားမှု ကောလာဟလများနှင့် ဆန်စျေးနှုန်းကြီးမြင့်မှုတို့ ပေါင်းဆုံသွားခြင်းကြောင့် မဲဆန္ဒရှင်များသည် အာဏာရပါတီကို ကျောခိုင်းခဲ့ကြပြီး ဝန်ကြီးချုပ် Shigeru Ishiba သည်လည်း ရာထူးသက်တမ်း တစ်နှစ်ပင်မပြည့်မီ ပြီးခဲ့သည့် စက်တင်ဘာလတွင် ရာထူးမှနှုတ်ထွက်ခဲ့ရကြောင်း သိရပါသည်။

လူကြိုက်များသည့် Koshihikari ဇိမ်ခံဆန်အမျိုးအစားမှလွဲ၍ ကျန်ဆန်စျေးနှုန်းများသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက မေလတွင် ၅.၄ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပြီး၊ ယင်းမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် စျေးနှုန်းကျဆင်းမှုဖြစ်ကြောင်း ငွေကြေးဖောင်းပွမှုဆိုင်ရာ အချက်အလက်များကို တာဝန်ယူရသည့် ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

လက်ရှိတွင် လူကြိုက်များသော ဝန်ကြီးချုပ် Sanae Takaichi ဦးဆောင်နေသည့် အစိုးရအဖွဲ့သည် စျေးနှုန်းများ ပြန်လည်ကျဆင်းလာစေရန် အရေးပေါ် ဆန်ရိက္ခာအရန်သင့် သိုလှောင်ထားမှုများကို ထုတ်ပေးခြင်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ဆန်ပြတ်လပ်မှု၏ နောက်ကွယ်တွင် ၂၀၂၃ ခုနှစ်က ပြင်းထန်ပြီး ခြောက်သွေ့သော နွေရာသီကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စပါးရိတ်သိမ်းမှုကို ထိခိုက်ပျက်စီးစေခဲ့ခြင်း အပါအဝင် ရှုပ်ထွေးလှသော အကြောင်းရင်းများစွာ ရှိနေခဲ့ပါသည်။ ထို့နောက်တွင် ကုန်သည်အချို့က အမြတ်အစွန်း ပိုမိုရရှိရန် ရည်ရွယ်၍ ဆန်များကို စတင်သိုလှောင် (မှောင်ခိုလှောင်) ခဲ့ကြကြောင်း ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ သိရပါသည်။

ပြည်ပမှ တင်သွင်းရသော စားသောက်ကုန် စျေးနှုန်းများ မြင့်တက်လာခြင်းက ပြည်တွင်းဖြစ် ဆန်အပေါ် ဝယ်လိုအားကို ပိုမိုမြင့်တက်စေခဲ့သလို၊ စံချိန်တင် ဝင်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသည် အရေအတွက်ကြောင့်လည်း ဆန်စားသုံးမှု ပိုမိုမြင့်တက်လာရခြင်း ဖြစ်ကြောင်း သိရပါသည်။

သို့သော်လည်း လေ့လာဆန်းစစ်သူများကမူ ဂျပန်နိုင်ငံ၏ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော စပါးစိုက်ပျိုးမြေ လျှော့ချရေး မူဝါဒအပြင် လူဦးရေ အိုမင်းရင့်သော်လာမှု ပြဿနာတို့ကြောင့်လည်း ဖြစ်သည်ဟု ထောက်ပြကြပြီး၊ စပါးစိုက်တောင်သူ အများအပြားမှာ အသက်ကြီး ရင့်လာကြကာ ၎င်းတို့၏ သားသမီးများကလည်း မျိုးဆက်ဆက်ခံ စိုက်ပျိုးရန် စိတ်ပါဝင်စားမှု မရှိကြတော့ကြောင်း သိရှိရပါသည်။

Source:   https://www.doca.gov.mm/

Category: International News