ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းရှိ Bac Ninh ပြည်နယ်သည် Gia Binh အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချိတ်ဆက်ထားသော ၅,၀၀၀ ဟက်တာ အကျယ်အဝန်းရှိ လွတ်လပ်သောကုန်သွယ်ရေး ဇုန် (Free Trade Zone) တစ်ခုကို ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဖြစ် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းသည် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဗဟိုဌာနတစ်ခုဖန်တီးရန်နှင့် ဒေသ၏ စီးပွားရေးတိုးတက်မှုအတွက် အင်အားအသစ် တစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ ၎င်းအစီအစဉ်ကို၂၀၅၀ အထိ မျှော်မှန်းချက်နှင့်အတူ ၂၀၂၁-၂၀၃၀ ကာလအတွက် မဟာစီမံကိန်းအရ ပြည်နယ်ပြည်သူ့ ကောင်စီက အတည်ပြုခဲ့ကြောင်း သိရပါသည်။ လွတ်လပ်ကုန်သွယ်ရေးဇုန်ကို ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် စီးပွားရေးတို့ကိုပေါင်းစပ်ထားသည့် ခေတ်မီစီးပွားရေး စင်တာတစ်ခုအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ဗီယက်နမ်နှင့် ကမ္ဘာ့ဈေးကွက်များအကြား ချိတ်ဆက်ပေးမည့် ဝင်ပေါက်တစ်ခုအဖြစ်သာမက မြောက်ပိုင်းဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ညှိနှိုင်းပေးမည့် အဓိကဗဟိုချက်အဖြစ်လည်း ရပ်တည်လာမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။ စီမံကိန်းကို အထောက်အကူပြုရန် Bac Ninh ပြည်နယ်သည် ICAO 4F စံနှုန်းနှင့် ကိုက်ညီသည့် Gia Binh အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း သိရပါသည်။ အဆိုပါလေဆိပ်သည် ၂၀၃၀ ပြည့်နှစ်တွင် ခရီးသည် ၃၀ သန်းနှင့် ကုန်စည်တန်ချိန် ၁.၆ သန်းကို နှစ်စဉ် ကိုင်တွယ်နိုင်မည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် ခရီးသည် ၅၀ သန်းနှင့် ကုန်စည်တန်ချိန် ၂.၅ သန်းအထိ တိုးမြှင့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ထို့အပြင် Kep နှင့် Lang Giang ဒေသများနှင့် အနီးဝန်းကျင်ဒေသများတွင် ဧရိယာ ၁၀,၀၀၀ ဟက်တာခန့်ရှိ အထူးစီးပွားရေးဇုန် တစ်ခုကိုလည်း တည်ထောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါဇုန်သည် မြောက်-တောင် စီးပွားရေးလမ်းကြောင်း၊ ဟနွိုင်းမြို့တော်ဒေသ၏ စက်မှု-မြို့ပြ-ဝန်ဆောင်မှုကွင်းဆက်နှင့် အမြန်လမ်းများ၊ ရထားလမ်းများ၊ နယ်စပ်ဖြတ်ကျော်ရထားဘူတာနှင့် Kep ICD ကဲ့သို့သော မဟာ ဗျူဟာမြောက် အခြေခံအဆောက်အအုံများ၏ အားသာချက်များကို အသုံးချသွားမည်ဖြစ်ကြောင်း သိရပါသည်။ အထူးစီးပွားရေးဇုန်အတွင်း အဆင့်မြင့်နည်းပညာစက်မှုလုပ်ငန်းများ၊ ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများ၊ ကုန်သွယ်ရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ သိပ္ပံနှင့် နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သဘာဝပတ်ဝန်းကျင်အခြေပြု ခရီးသွားလုပ်ငန်းများကို ဦးစားပေး ဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအရ အဆိုပါအဓိကစီမံကိန်းများသည် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ခြင်း၊ စီးပွားရေးတိုးတက်မှု အရှိန်မြှင့်တင်ခြင်းတို့ကို အထောက်အကူပြုမည်ဖြစ်ပြီး Bac Ninh ပြည်နယ်ကို နိုင်ငံတကာအဆင့်မီ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဗဟိုဌာနတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားစေရန် ရည်မှန်းထားကြောင်း သိရပါသည်။ တစ်ဖက်တွင်လည်း ပြည်နယ်သည် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများအပေါ် အခြေခံသည့် e-Commerce လုပ်ငန်းများ တိုးချဲ့ဖွံ့ဖြိုးရေး၊ လုပ်ငန်းရှင်များနှင့် သမဝါယမအသင်းများအား ပြည်တွင်းနှင့် နိုင်ငံတကာ အွန်လိုင်းဈေးကွက်များတွင် ပါဝင်နိုင်ရေး အားပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။ ထို့အပြင် ခေတ်မီနည်းပညာများ အသုံးပြုကာ အရည်အသွေးမြင့် ပို့ဆောင်ရေးနှင့် Logistics ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် စီစဉ်ထားကြောင်း သိရပါသည်။ ခရီးသွားကဏ္ဍတွင်လည်း Bac Ninh ပြည်နယ်ကို ဟနွိုင်းမြို့တော်ဒေသ၏ အဓိက ယဉ်ကျေးမှု၊ ဘာသာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဖျော်ဖြေရေးခရီးသွားနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးစေရန် ရည်ရွယ်ထားပြီး ဒေသတွင်းနှင့် ပြည်နယ်ချင်းဆက်သွယ်သည့် ခရီးသွား လမ်းကြောင်းများတွင် အရေးပါသောနေရာတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm/