Local News

ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နနွင်များစတင်တူးဖော်နေပြီး ဈေးကောင်းရနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် နနွင်းများစတင်ထွက်ပေါ်နေပြီး၊ ယခင်နှစ် ထက်ဈေးပိုရနေကြောင်း နနွင်းစိုက်တောင်သူများထံမှ သိရသည်။ ကျောက်ဆည်ခရိုင်တွင် နနွင်း စိုက်ဧကပေါင်း (၂၃၅၈) ဧကရှိ၍ နနွင်းများကို နွေရာသီ ဆည်ရေရရှိချိန်တွင် စတင်စိုက်ပျိုးပြီး၊ မြစ်သားမြို့နယ်တွင် ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်း ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ၁၂  သိန်းမှ ၁၅ သိန်းခန့်ထိ ကုန်ကျ၍ မြေအမျိုးအစားလိုက် သွင်းအားစုအပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်းသိရသည်။

တစ်ဧကအထွက်နှုန်းမှာ နနွင်းအစို ၂၅ တင်းဆံ့ လှည်းအစီး (၈) စီးမှ (၁၀) စီးအထိ ထွက်ရှိ၍ တင်း ၂၀၀ မှ ၂၅၀ ရကြောင်း၊ နနွင်းတက်လှည်းတစ်စီးကို အခြောက်ခံလျှင်  နနွင်းအခြောက်  ပိဿာချိန် (၇၀)ထွက်ရှိ၍ တစ်ဧကလျှင် အခြောက်ပိဿာချိန် ၅၆၀ မှ ၇၀၀ ထိရကြောင်း၊ မြေဆီနှင့် မြေဩဇာထည့်မှု အပေါ်တွင်မူတည်၍ အထွက်နှုန်းကွာခြားကြောင်း၊ ပွဲစားများမှ နနွင်းအစို လှည်းတစ်စီးလျှင် ကျပ် ၃၂၀၀၀၀၊ နနွင်းခြောက်ပိဿာချိန် တစ်ရာလျှင် ကျပ် ၆၅၀၀၀၀ ပေး၍ ဝယ်ယူနေကြောင်း၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သားပွဲရုံများနှင့် မန္တလေးပွဲရုံများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ထိုမှတစ်ဆင့်ပြည်ပနိုင်ငံများသို့ တင်ပို့မှုရှိကြောင်း မြစ်သားမြို့နယ်၊ ပေတောကျေးရွာ နနွင်းစိုက်တောင်သူကြီး ဦးဇော်ဝင်းထွန်းက ပြောပါတယ်။

ယခင်နှစ်က နနွင်းအစို ၂၅ တင်းဆံ့ လှည်းတစ်စီးလျှင် ကျပ် ၂၀၀၀၀၀ သာရရှိပြီး၊ ယခု နှစ်တွင် ကျပ် ၃၂၀၀၀၀ ထိရရှိပြီး၊ နနွင်းခြောက်ပိဿာချိန် (၁၀၀) လျှင် ယခင်နှစ်ကျပ် ၄၀၀၀၀၀ ရရှိပြီး၊ ယခုနှစ်တွင် ကျပ် ၆၅၀၀၀၀ ထိရရှိကြောင်း၊ ယခုနှစ်တွင်ဈေးကောင်းရရှိသောကြောင့် အကျိုးအမြတ်ရရှိကြောင်း၊ နနွင်းသီးနှံသည် အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက တောင်သူများ အနေဖြင့် အကျိုးအမြတ်ရှိပြီး ဝင်ငွေကောင်းတဲ့သီးနှံဖြစ်တဲ့အတွက် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း နနွင်းစိုက်တောင်သူများ၏ပြောကြားချက်အရသိရသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News