Local News

ပဲစင်းငုံဈေးဆက်တက်နေ

Last Updated:

မြန်မာပဲဈေးကွက်အတွင်း ပဲစင်းငုံဈေးနှုန်းများ တရိပ်ရိပ်တက်လျက်ရှိပြီး ဘုရင့်နောင်ကုန်စည်ဒိုင်၏ ဈေးနှုန်းထုတ်ပြန်ချက်များအရ ၁ တန်ဈေးနှုန်း ကျပ် ၃၅ သိန်းအောက်ရှိခဲ့ရာမှ သိန်း ၄၀ နားထိ ရောက်ရှိလာကြောင်းတွေ့ရသည်။ သီတင်းတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော ပဲစင်းငုံဈေးနှုန်းများမှာ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ၁ တန် ဈေးနှုန်းကျပ် ၃၄၉၆၀၀၀၊ ၁၉ ရက်နေ့တွင် ကျပ် ၃၅၇၂၅၀၀၊ ၂၀ ရက်နေ့တွင် ကျပ် ၃၆၅၅၀၀၀၊ ၂၂ ရက်နေ့တွင် ကျပ် ၃၆၅၀၀၀၀၊ ၂၃ ရက်နေ့တွင် ကျပ် ၃၇၀၁၀၀၀၊ ၂၄ ရက်နေ့တွင် ကျပ် ၃၇၂၅၀၀၀၊ ၂၅ ရက်နေ့တွင် ကျပ် ၃၈၀၀၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲဈေးကွက်သတင်းများအရ ပဲခွဲစက်များနှင့်ကုန်သည်များက ပဲစင်းငုံကိုလက်ရှိဈေးနှုန်းဖြင့်ပုံမှန်ဝယ်ယူလျက်ရှိပြီး ယခုလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလဆန်းပိုင်းတို့ တွင် ပြည်ပမှဝယ်ယူတင်သွင်းသည့် ပဲစင်းငုံအဝင်ပိုများလာနိုင်ကြောင်း၊ မြန်မာပဲစင်းငုံလည်း အမြောက်အမြားဝင်လာနိုင်ကြောင်း ဖော်ပြထားပြီး အိန္ဒိယနိုင်ငံ၏ လွန်ခဲ့သော ပဲစိုက်ရာသီအတွင်း ရာသီဥတုအခြေအနေနှင့် ဖျက်ပိုးများကျခြင်းတို့ကြောင့် ပဲစင်းငုံအတွက်နှုန်းလျော့ကျခဲ့သဖြင့် ဈေးကျဆင်း နိုင်ဖွယ်မရှိကြောင်း ဖော်ပြထားပါသည်။

အဓိကဝယ်လက်နိုင်ငံ၏ ပြည်တွင်းဈေးနှုန်းမပြောင်းလဲသော်လည်း မြန်မာပြည်တွင်း ပဲစင်းငုံဈေးနှုန်းများမှာ လွန်ခဲ့သည့်သတင်းပတ်အတွင်း စံချိန်တင်တက်လာနေပြီး၊ ပဲအသစ်ပေါ်ချိန် ပဲဈေးကျဆင်းရမည့်အစား ပဲဈေးနှုန်းများမြင့်တက်လာခြင်းမှာ ယခုကာလအတွင်း ပဲမျိုးစုံ သင်္ဘောတင်များလည်း ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News