Local News

ရန်ကုန်၌ ကွမ်းတစ်ပိဿာ ၂၅၀၀၀ ကျပ်ထိဈေးနှုန်းမြင့်တက်

Last Updated:

          ရန်ကုန်ကွမ်းရွက်ဈေးကွက်၌ တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း သီရိမင်္ဂလာဈေးရှိ ကွမ်းရွက်ရောင်းဝယ်သူများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်တွင် ကွမ်းရွက်တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ အများဆုံး ၈၀၀၀ ကျပ်သာ ပေါက်ဈေးရှိသော်လည်း ယခုနှစ်တွင် ကွမ်းရွက်တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ထိ ပေါက်ဈေးရှိနေပြီး တစ်နှစ်အတွင်းကွမ်းရွက်ဈေး သိသိသာသာ မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု သီရိမင်္ဂလာဈေးသစ်၌ ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ “ဒီနှစ်က ရာသီဥတုတအားပူတာနဲ့ လေကြောင့် ကွမ်းခြံပျက်တာတွေလည်းဖြစ်တယ်။ လောလောဆယ် ဒီအချိန်ဆိုရင် ဈေးကျနေပေမယ့် အခုဈေးတက်နေတယ်။ တစ်ပိဿာ နှစ်သောင်းခွဲဆိုတာ တစ်ခါမှမဖြစ်ဘူးတဲ့ ဈေးဖြစ်နေတာပေါ့။ ဈေးမြင့်ပေမယ့်လည်း အရောင်းအဝယ်ကသွက်တယ်” ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

       ကွမ်းရွက်ဈေး မြင့်တက်ရခြင်းမှာ ယခုနှစ်တွင် ကွမ်းအထွက်နှုန်းနည်းပါးခြင်း၊ ရာသီဥတုကြောင့် ကွမ်းခြံများပျက်စီးခြင်း တို့ကြောင့်ဖြစ်ကြောင်း၊ ကွမ်းဈေးမြင့်တက်နေသော်လည်း အရောင်းအဝယ်သွက် နေကြောင်း ကွမ်းရောင်းဝယ်ရေး လုပ်ကိုင်နေသူများကဆိုသည်။ “အရင်က ဆင်ဂနယ်နဲ့စားရင် တစ်ထောင်ဖိုးကို ၁၀ ယာ၊ ၁၂ ယာရတယ်။ အခုတစ်ထောင်ဖိုးကို ခြောက်ယာပဲ ရတော့တယ်။ ပိုစားရင် ပိုကုန်နေတာပေါ့” ဟု ကွမ်းယာစားသုံးသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

       ရန်ကုန်မြို့၌ ယနေ့ (မေ ၂၄ ရက်) အကောင်းဆုံးကွမ်း(ခေါင်ဈေး) များမှာ ပန်းတနော်ရှယ်တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ပန်းတနော်အလတ်တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ ပန်းတနော်ပယ်ကြီး တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ် ပေါက်ဈေးရှိပြီး၊ ထိုင်ဝမ်ရှယ်တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ ထိုင်ဝမ်အလတ် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ထိုင်ဝမ်ပယ်ကြီး ၁၁၀၀၀ ကျပ်ပေါက်ဈေးရှိကြောင်း သီရိမင်္ဂလာဈေးသစ်ထံမှသိရသည်။

          ပန်းတနော်နှင့် ကျောင်းကုန်းတို့မှ တင်သွင်းသောကွမ်းရွက်များမှာ ရန်ကုန်မြို့သို့ အများဆုံး တင်ပို့နေရခြင်းဖြစ်ကြောင်း ကွမ်းရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှသိရသည်။

Source: https://t.me/sdtimedaily

Category: Local News