Local News

မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ရန် လုပ်ဆောင်နေ

Last Updated:

       မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိကြက်သွန်ကုန်သည်များနှင့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် မြန်မာ့ကြက်သွန်နီများကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့နေသော်လည်း တရုတ်၊ ထိုင်းနှင့် ဗီယက်နမ် ကုန်သည်များမှတစ်ဆင့် တင်ပို့နေရ၍ ကုန်ကျစရိတ်မြင့်မားနေခြင်းကြောင့် တိုက်ရိုက်တင်ပို့နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

     တိုက်ရိုက်တင်ပို့ခွင့်ရရှိမည်ဆိုပါက ပြည်တွင်းရှိ ကြက်သွန်စိုက်တောင်သူများနှင့် ကုန်သည်များအနေဖြင့် ဈေးနှုန်းပိုမိုရရှိလာမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်၊ ထိုင်း ၊ဗီယက်နမ်တို့က ကြားခံကုန်သည်များနှင့်သာ တစ်ဆင့်ခံ ရောင်းဝယ်မှုလုပ်ဆောင်နေရခြင်းကြောင့် ဈေးနှုန်းရရှိမှုနည်းပါးနေကြောင်း ကြက်သွန်ကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် ပြည်ပကုန်သည်များက မြန်မာ့ကြက်သွန်ဝယ်ယူမှု များပြားနေပြီး ယခုရက်ပိုင်းအတွင်း နေ့စဉ်မုံရွာမှ ကုန်တင်တွဲကား ၁၅ စီး၊ ကုန်ချိန် သုံးသိန်းခန့်နှင့် မြင်းခြံမှ တွဲကား ၂၅ စီး၊ ကုန်ချိန် ငါးသိန်းခန့် ဝယ်ယူမှုရှိကြောင်း သိရသည်။

     ပြည်ပကုန်သည်များက ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၏ ဈေးနှုန်းအတိုင်း တစ်ပိဿာ ၂၁၅၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူနေခြင်းဖြစ်ပြီး ယခုပုံစံအတိုင်းသာ ဆက်လက် ဝယ်ယူနေမည်ဆိုပါက ပြည်တွင်းရှိ ကြက်သွန်ဈေးနှုန်းများ ကျဆင်းနိုင်ခြေ အလားအလာမရှိသေးကြောင်း ကြက်သွန်ကုန်သည်များက သုံးသပ်ပြောကြားထားသည်။  ပြည်တွင်း၌ ကြက်သွန်နီအထွက်နှုန်းမှာ ပုံမှန်သာရှိခဲ့ပြီး တချို့ဒေသများတွင် အထွက်နှုန်း နည်းနေကြောင်း နှင့်  ကြက်သွန်နီကို နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဧပြီလပိုင်းတွင် နွေကြက်သွန်များ ပေါ်လေ့ရှိသည်။

Source: Popular News Journal 

Category: Local News