International News

ပင်လယ်နက် နှံစားသီးနှံ သဘောတူညီချက် သက်တမ်းတိုးရန် ဖြစ်နိုင်ခြေ မရှိဟု ပြောကြား

Last Updated:

          ယူကရိန်းမှ ဂျုံ၊ ပြောင်း အစရှိသည့် နှံစားသီးနှံအမျိုးမျိုးတို့ကို ပင်လယ်နက်မှတစ်ဆင့် တင်ပို့ခွင့်ပြုသည့် သဘောတူညီချက်သည် လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကြောင့်  သက်တမ်းတိုးရန် ဖြစ်နိုင်ခြေ မရှိကြောင်း ရုရှားအစိုးရ သတင်းထုတ်ပြန်ရေး အတွင်းဝန် Dmitry Peskov က ပြောကြားသည်။ ၎င်းသည် ရုရှားသမ္မတ ပူတင်၏ ပြောရေးဆိုရေးတာဝန်ခံလည်း ဖြစ်ပါသည်။ ရုရှားသည် အကြိမ်များစွာ ချစ်ကြည်ရေးပြသခဲ့ပြီး လိုက်လျောမှုများ ပြုလုပ်ခဲ့သည်။ သဘောတူညီချက်ကို အကြိမ်ကြိမ် သက်တမ်းတိုးပေးခဲ့သည်။ 

          "ဒါပေမဲ့ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မော်စကိုကို ကတိပြုထားတဲ့ကိစ္စတွေက အကောင်အထည် ပေါ်မလာဘူး"ဟု ၎င်းက ဇွန်လ ၂၄ ရက်တွင် ပြောကြားသည်။ “ဒီမှာ အပြီးသတ် ဆုံးဖြတ်ချက် ဘယ်လို ချမှတ်မလဲ ဆိုတာ  ခန့်မှန်းဖို့ ခက်ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေတွေအတိုင်းဆိုရင် သက်တမ်းတိုးဖို့ မဖြစ်နိုင်ပါဘူး" ဟု Peskov က ပြောကြားသည်။

          “သဘောတူညီထားတာကို ဆောင်ရွက်ရမယ်။ လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေက ဆောင်ရွက်ရမယ်။ သဘောတူညီထားတာ တစ်ပိုင်းကိုတော့ ဆောင်ရွက်တယ်။ နောက်တစ်ပိုင်းဖြစ်တဲ့ ရုရှားနိုင်ငံကို ပေးထားတဲ့ ကတိကဝတ်တွေကိုတော့ ဘယ်တုန်းကမှ မဆောင်ရွက်ခဲ့ဘူး' ဟု ၎င်းက ပြောကြားသည်။ ကုလသမဂ္ဂနှင့် တူရကီနိုင်ငံတို့က ကြားဝင်စေ့စပ်ထားသည့် ပင်လယ်နက် နှံစားသီးနှံ သဘောတူညီချက်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက် တစ်ပိုင်းအရ ပင်လယ်နက် ရေကြောင်းစင်္ကြံများမှတစ်ဆင့်  ယူကရိန်းနှံစားသီးနှံများကို ဘေးကင်းစွာသယ်ယူပို့ဆောင် နိုင်စေသည်။ 

          ကျန်သည့် တစ်ပိုင်းမှာ ရုရှားနိုင်ငံမှ စားသောက်ကုန်များနှင့် ဓာတ်မြေဩဇာများ တင်ပို့သည့်အပေါ် အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံတို့မှ ချမှတ်ထားသည့် အတားအဆီးများ ဖယ်ရှားပေးရန်ကိစ္စကို ဆောင်ရွက်ပေးခြင်း မရှိသေးချေ။ အနောက်နိုင်ငံတို့က ၎င်းကုန်စည်များကို မည်သည့်အခါမှ ကန့်သတ်ချုပ်ခြယ်ခြင်း မပြုခဲ့ဟုဆိုသည်။ သို့သော် လက်တွေ့တွင် ရုရှားနိုင်ငံမှ ပြည်ပဝယ်လက်များထံ တင်ပို့နိုင်ခြင်း မရှိချေ။ အကြောင်းမှာ ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေးအတွက် ရေကြောင်းအာမခံ၊ ကြားပွဲစား အစရှိသည့် ဝန်ဆောင်မှုများကို ရုရှားနိုင်ငံနှင့် ပတ်သက်နေပါက မပေးရဟု တားမြစ်ထားသဖြင့် ပို့ဆောင်ရန်အတွက် သင်္ဘောမရနိုင်ချေ။

          ကနဦးသဘောတူညီချက်သည် ရက်ပေါင်း ၁၂၀ သက်တမ်းဖြစ်သော်လည်း ထိုအချိန်မှစ၍ အကြိမ်ပေါင်းများစွာ သက်တမ်းတိုးခဲ့သည်။ နောက်ဆုံး ထပ်တိုးထားသည့် သက်တမ်းသည် ဇူလိုင်လ ၁၇ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ အဆင်းရဲဆုံးနိုင်ငံများ စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူဖြစ်စေသည်ဟု ကုလသမဂ္ဂက ပြောကြားသော်လည်း လက်တွေ့တွင် ယူကရိန်းနံစားသီးနှံ တင်ပို့မှု၏ ၃.၁% သာ ဆင်းရဲသောနိုင်ငံများ တည်ရှိရာ အာဖရိကနိုင်ငံတွင် အဆုံးသတ်ခဲ့သည်။ ၃၈.၉% သည် အီးယူနိုင်ငံများထံ ရောက်ရှိခဲ့သည်ဟု Peskov က ပြောကြားသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News