
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ ငရုတ်နှင့် အစေ့ ထုတ်ပြောင်း CP စသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ရေစကြိုမြို့နယ် အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ချင်းတွင်းမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက် မြစ်ရေဝင် ရောက်ရာ ကျေးရွာများဖြစ်သည့် မိဖုရား၊ မဲကုန်း၊ ကိုင်း၊ နန်းဦး၊ ရေရှား၊ ကံဦး၊ ငတရော်၊ ပခန်းငယ်၊ ကန်ဒေါင့်၊ ဇီးကုန်း၊ သူဌေကုန်း ကျေးရွာများတွင် အစေ့ထုတ်ပြောင်း (CP) သီးနှံကို အများအပြား စိုက်ပျိုးလျက်ရှိပါသည်။ အစေ့ထုတ်ပြောင်း (CP) သီးနှံသည် အချိန်အခါရာသီမရွေး၊ ပိုးမွှားအန္တရာယ် ကျရောက်မှုအနည်းဆုံး၊ အခြားသီးနှံများလို ဂရုစိုက်ပြုစုယုယမှုအသက်သာဆုံးနှင့် အကျိုးအမြတ်ရရှိသော သီးနှံဖြစ်သည့်အတွက် တောင်သူ များစိုက်ပျိုးလျက်ရှိပါသည်။ အစေ့ထုတ်ပြောင်းသီးနှံသည် သွင်းအားစုဖြစ်သည့်ရေနှင့် မြေဩဇာ ကိုမှန်မှန် ကျွေးသွားမည်ဆိုလျှင် အထွက်နှုန်းကောင်းပြီး ထွက်ခြေကိုက်သီးနှံဖြစ်ကြောင်း ပခန်း ငယ်ကျေးရွာရှိ အစေ့ထုတ် ပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။ မိမိတို့ ကျေးရွာအုပ်စုအနေဖြင့် ယခင် နှစ်က ဧက (၂၀၀)ခန့် စိုက်ပျိုးခဲ့ကြောင်း၊ အများဆုံးစိုက်ပျိုးသည့် CP မျိုးများမှာ 722 ၊ 808 နှင့် 339 မျိုးစေ့များကို စိုက်ပျိုးကြပါသည်။ ၎င်းအနေဖြင့် ယခုနှစ်တွင် (၆) ဧကခန့်ကို စိုက်ပျိုးခဲ့ကြောင်း၊ (၁) ဧကစိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ ရိတ်သိမ်းချွေလှေ့ခ စုစုပေါင်း ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၅) သိန်းခန့် ကုန်ကျ ကြောင်း သိရှိရပါသည်။
အစေ့ထုတ်ပြောင်း CP (၁) ဧက ထွက်ရှိမှုအနေဖြင့် သွင်းအားစုသုံးစွဲမှု အပေါ်မှုတည်၍ အထွက်တင်းများ ကွာခြားလျက်ရှိပါသည်။ (၁) ဧက အထွက်တင်း (၁၀၀) မှ (၁၂၀) တင်းခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့်၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ရေစကြိုမြို့နယ်၌ အစေ့ထုတ်ပြောင်း CP (၁)တင်းလျှင် ကျပ်(၂၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အစေ့ ထုတ်ပြောင်း CP စိုက်တောင်သူများအနေဖြင့် (၁)ဧက အကျိုးအမြတ် ကျပ်(၁၀)သိန်းခန့် ရရှိ ကြောင်း၊ ယခုနှစ်တွင် အစေ့ ထုတ်ပြောင်း CP စိုက်တောင်သူများမှာ အကျိုးအမြတ်များရရှိပြီး အစေ့ထုတ်ပြောင်း CP စိုက်ပျိုး ဝင်ငွေတိုးလျက်ရှိကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm/