Local News

လျှပ်စစ်ကား (EV) များနှင့် အားသွင်းစက် (Charger)များ ဝယ်ယူအသုံးပြုရာတွင် စိတ်ကျေနပ်မှုမရှိခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားရန် စားသုံးသူရေးရာဦးစီးဌာန အသိပေးကြေညာ

Last Updated:

     လျှပ်စစ်ကား (EV) များနှင့် အားသွင်းစက်(Charger)များ ဝယ်ယူအသုံးပြုရာတွင် စိတ်ကျေနပ်မှုမရှိခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးကြေညာထားသည်။ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ရည်ရွယ်ချက်များနှင့်အညီ စားသုံးသူပြည်သူများအတွက် စားသုံးသူအခွင့်အရေး များ အပြည့်အဝရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်အပြည့်အဝရရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများအား ကုစားပေးရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။

      စားသုံးသူပြည်သူများ အလွယ်တကူ ဆက်သွယ်စုံစမ်းမေးမြန်နိုင်ရန်နှင့် တိုင်ကြားနိုင်ရန်အတွက် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆော င်ရွက်ရေးစင်တာ(Consumer Information and Complaint Center - CICC)ရုံး ပေါင်း ၄၈ ရုံးကို ဖွင့်လှစ်ထားသည့်အပြင် Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့ ဆက်သွယ်ခေါ်ဆိုကာ စုံစမ်းမေးမြန်း ခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းတို့ကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ လျှပ်စစ်ကားများ (Electric Vehicle - EV)နှင့် အားသွင်းစက်(Charger) များအား ဝယ်ယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုမရှိခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက အသိပေးကြေညာထားသည်။

     နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် EV ယာဉ်များအား မြို့ပြလမ်းကွန်ရက်စနစ်များတွင် ပြေးဆွဲရာ၌ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်နိုင်ငံလုံးရှိ အဓိကလမ်းကွန်ရက်များတွင်ပါ ပြေးဆွဲနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံတွင် သဘာဝရုပ်ကြွင်းလောင်စာဆီသုံးစွဲမှုကို လျှော့ချရန် လျှပ်စစ်ကားများ ပြေးဆွဲအသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် နေပြည်တော်တွင် လေးနေရာ၊ ရန်ကုန်မြို့တွင် ငါးနေရာ၊ မန္တလေးမြို့တွင် ငါးနေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ငါးနေရာ၊ စုစုပေါင်း ၁၉ နေရာကို Pilot Project အနေဖြင့် တာဝန်ခွဲဝေ၍အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

     ပြည်သူများ သွားလာရေးလွယ်ကူ အဆင်ပြေစေရန်နှင့် ကုန်ကျစရိတ်သက်သာစေရန်အတွက် လျှပ်စစ်သုံးယာဉ်များအား ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်ကားများ အသုံးပြုလာချိန်တွင် ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ပြည်သူများ အသုံးပြုမှုများပြားသော စျေးဝယ်စင်တာများ၊ ဘတ်စ်ကားဂိတ်များနှင့် အဝေးပြေးယာဉ်ရပ်နား စခန်းနေရာများတွင် လွယ်လင့်တကူအားသွင်းနိုင်ရေးအတွက် နိုင်ငံတော်က စီမံဆောင်ရွက် ပေးလျက်ရှိသည့်အပြင် လျှပ်စစ်ယာဉ်များနှင့် ပတ်သက်သည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များကို လုပ်ငန်းတာဝန်များ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ Charging Station များ တည်ဆောက်ရာတွင်လည်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ချိန် အချိန်မီပြီးစီးရေးတို့ကို အလေးဂရုပြု ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေက ပြောကြားထားသည်။

     ပြည်သူများ အသုံးပြုရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် လျှပ်စစ်သုံးယာဉ်များအတွက် Charging Station များကို နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ သုခတော်ဝင် အိမ်ရာရှေ့၊ မြို့မစျေး၊ သပြေကုန်းစျေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်း စသည့်တည်နေရာများတွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာစျေး၊ သခင်မြပန်းခြံ၊ မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေးကားဝင်းများစသည့် နေရာများတွင်လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက် မိုင်တိုင် (၁/၀) တိုးလ်ဂိတ်၊ မိုင်တိုင် (၁၁၅/၀) ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၀) နေပြည်တော် ယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၈၄/၀) သီးကုန်းယာဉ် ရပ်နားစခန်း၊ မိုင်တိုင် (၃၅၂/၀) စကားအင်း ယာဉ်ရပ်နားစခန်းစသည့်နေရာတို့တွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

Source: https://news-eleven.com

Category: Local News