Local News

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်နိုင်ငံသို့ လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းလျက်ရှိ

Last Updated:

     ယခုလက်ရှိအမေရိကန်နိုင်ငံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတင်သွင်းသည့် လယ်ယာထွက်ကုန်ချောပစ္စည်းများသည် ၎င်းတို့နိုင်ငံရှိစုစုပေါင်းတင်သွင်းမှု၏ တစ်ရာခိုင်နှုန်းအောက်သာ ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်ချောပစ္စည်းများ တင်ပို့ရောင်းချရန်အမေရိကန်တွင် ကြီးမားသောဈေးကွက်ကြီးရှိပါကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စိုက်ပျိုးရေး ဝန်ကြီးဒေါက်တာMuhammad AbdurRazzaque က ယမန်နေ့ကပြောကြားခဲ့ကြောင်း ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့The Daily Star သတင်းတွင်  ရေးသားဖော်ပြထားသည်။

     ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ Westin Dhaka တွင်ကျင်းပပြုလုပ်သောဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများအသင်း (AmCham) မှ ကြီးမှူးကျင်းပသော "အစားအသောက် ဘေးအန္တာရာယ်ကင်းရှင်းရေးနှင့် အမေရိကန်နိုင်ငံသို့ တင်ပို့နိုင်မှုအခွင့်အလမ်း" ဆိုင်ရာအခမ်းအနားတွင် ဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံများသို့ လယ်ယာထွက်ကုန် တင်ပို့မှုတိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိပြီးဘေးအန္တရာယ်ကင်းရှင်းသောစားသောက်ကုန် ထုတ်လုပ်ရေးအတွက် ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်များ (Good Agricultural Practices - GAP) ကိုကျင့်သုံးသွားရန်ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်းပြောကြားခဲ့သည်။

     ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပို့ကုန်တွေကအထည်ချုပ်တွေပေါ်မှာပဲအဓိကမှီခိုနေရသော်လည်း အခြားပို့ကုန်များလည်းတင်ပို့နိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် လယ်ယာ ထွက်ကုန် တင်ပို့မှုတိုးမြှင့်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအခမ်းအနားတွင် ဝန်ကြီးကပြောကြားခဲ့ကြောင်းရေးသားဖော်ပြထားသည်။ ဆက်လက်၍ ဝန်ကြီးကဘင်္ဂလားဒေ့်ရှ် လယ်ယာထွက်ကုန်များတင်ပို့ရန်အမေရိကန်ကဲ့သို့ ကြီးမားသောဈေးကွက် အလားအလာများစွာရှိကြောင်း၊ ဒီအလားအလာကိုအပြည့်အဝအသုံးချနိုင်ဖို့ လယ်ယာထွက်ကုန်တွေ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးအချက်နှင့် ကိုက်ညီစေရန်အတွက် စိုက်ပျိုးထုတ်လုပ်ရေးကနေ တင်ပို့ရောင်းချမှုအထိထိုသို့ဘေးကင်းမှုရှိစေရန် လုပ်ဆောင်နေပါကြောင်း ပြောကြားခဲ့သည်။

     Purbachalမြို့တွင် သရက်သီးတင်ပို့မှုအတွက် နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းတစ်ခုပါရှိပြီး နိုင်ငံတကာအဆင့်မီခေတ်မီထုပ်ပိုးသည့် နည်းစနစ်ပါဝင်သည့် အဆောက်အဦနှင့် လေဟာနယ်အပူသန့်စင်သည့်စက်ရုံကိုတည်ထောင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်းအသိပေးပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် မကြာသေးမီနှစ်များအတွင်း စားနပ်ရိက္ခာ ဘေးကင်း ရေးနှင့် လုံခြုံမှုရရှိရေးတွင် သိသာထင်ရှားစွာတိုးတက်မှုရရှိခဲ့ပြီး အာရှနိုင်ငံအများစုထက် ပိုမိုကောင်းမွန်ကြောင်း Razzaque မှ ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြည်တွင်းစားသုံးသူများ၏ ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများရရှိရေးမှာလည်းတိုးတက်လာသည်ဟု ၎င်းကပြောကြားခဲ့သည်။

     ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်စဉ် ပြုပြင်ပြီးစားသောက်ကုန်များရောင်းချမှုသည် ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၂.၅ ဘီလီယံအထိရောက်ရှိခဲ့ပြီးတစ်နှစ်လျှင် ပျမ်းမျှ ၈ ရာခိုင်နှုန်း တိုးလာကြောင်း ၎င်းကဆိုသည်။ သို့သော် ဘင်္ဂလားဒေ့်ရှ်နိုင်ငံတွင် အရင်းအမြစ်များချို့တဲ့မှု၊ နည်းပညာဆိုင်ရာစွမ်းဆောင်နိုင်မှု အားနည်းခြင်းလူဦးရေသိပ်သည်းခြင်းနှင့် အခြေခံ အဆောက်အဦမဖွံ့ဖြိုးသေးခြင်း၊ အစိုးရ-ပုဂ္ဂလိကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုအားနည်းခြင်း စသည့်အချက်များကိုလည်းဆောင်ရွက်သွားရန် ရှိကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

     ပြည်တွင်းထုတ်လုပ်မှု၊ သွင်းကုန်နှင့် တင်ပို့သည့်လမ်းကြောင်းများတွင် ဖြစ်ပေါ်နေသောအစားအစာဘေးကင်းရေး အန္တရာယ်များကိုဖြေရှင်းရန်အတွက် ထိရောက်သော အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးစောင့်ကြည့်ထိန်းချုပ်မှုစနစ် လိုအပ်ကြောင်းအဆိုပါအခမ်းအနားသို့တက်ရောက်လာသည့် ဒါကာမြို့ရှိအမေရိကန်သံရုံးမှ စိုက်ပျိုးရေးသံမှူး မီဂန်ဖရန့်ဆစ် ကလည်းပြောကြားခဲ့ပါသည်။

Source: https://www.commerce.gov.mm

Category: Local News