Local News

ပြည်ပပို့ဈေးကွက်ပြန်ကောင်းလာ၍ ကဏန်းပျော့ဈေးကွက် ပြန်မာလာ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ထွက်ရှိသည့် မွေးမြူရေးကဏန်းပျော့များကို ရန်ကုန်စျေးကွက်ဘက်က ပြီးခဲ့သည့်မတ်လမှစ၍ ဝယ်ယူမှု ပြန်လည်များပြားလာသည်ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ အိမ်နီးချင်းနိုင်ငံများနှင့် အာရှ၊ ဥရောပနိုင်ငံ အချို့ထံတင်ပို့ရောင်းချဖို့အတွက် အဓိကထွက်ကုန်ဒေသဖြစ်သည့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က ကဏန်းပျော့မွေးမြူရောင်းဝယ်ရေးလုပ်ငန်းများမှာ ၂၀၂၁ ခုနှစ် (နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီးမှစ၍)ရပ်တည်လုပ်ကိုင်ရန် အခက်အခဲများရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

    “ပြည်တွင်းစျေးကွက်လောက်နဲ့ မရဘူး။ အရင်ကတည်းက ပြည်ပစျေးကွက်ကိုပဲ အားထားရတာ။ တိုင်းပြည်မငြိမ်မသက်ဖြစ်လာတဲ့ တစ်နှစ်ကျော်၊ နှစ်နှစ် နီးပါးရှိလာတဲ့အချိန်အထိ ပြည်ပစျေးကွက်နဲ့ပြန်ပြီး ချိတ်ဆက်မလုပ်နိုင်ခဲ့ဘူး” ဟု လပွတ္တာမြို့နယ်က ကဏန်းပျော့မွေးမြူရောင်းဝယ်သူ တစ်ဦးကဆိုသည်။  ပြည်တွင်းစျေးကွက်တွင် ယခင်က ကဏန်းပျော့တစ်ပိဿာကို ၁၄၀၀၀ ကျပ်အထိ ရရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်မှ စတင်ပြီး တစ်ပိဿာ စျေးနှုန်း ၈၀၀၀ ကျပ်ခန့်ထိ ကျဆင်းသွားခဲ့သည်ဟု သိရသည်။

      သို့သော် ယခု ၂၀၂၃ ခုနှစ်၊ မတ်လမှစ၍ လပွတ္တာမြို့နယ်မှထွက်ရှိသည့် ကဏန်းပျော့များကို ရန်ကုန်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ အများအပြား ပြန်လည်တင်ပို့ရောင်းချလာရသဖြင့် ကဏန်းပျော့ဝယ်ယူမှု ပြန်များလာခြင်းဖြစ်သည်ဟု သိရသည်။ “ကျွန်မတို့ဒေသကထွက်ရှိတဲ့ မွေးမြူရေးကဏန်းပျော့တွေကို ပြည်တွင်းရန်ကုန်စျေးကွက်ကို အဓိက တင်ပို့ရောင်းချနေတာပါ။ အခုနှစ်မှာတော့ ပြည်ပစျေးကွက်က ပြန်လည်ဝယ်ယူလာလို့ မတ်လနဲ့ ဧပြီလတွေမှာ ရန်ကုန်ဘက်က အဝယ်လိုက်လာတာပါ။ ပို့ကုန်များလာတော့ မွေးမြူသူတွေရဲ့ အခက်အခဲတွေလည်း အဆင်ပြေလာတာပေါ့။ ကုန်ပစ္စည်းတင်ပို့တဲ့ လုပ်ငန်းတွေနဲ့ဆက်စပ်တဲ့သူတွေလည်း အဆင်ပြေလာပါတယ်" ဟု လပွတ္တာမြို့နယ်၊ ရေထွက်ပစ္စည်းများရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

     လပွတ္တာမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ မတ်လ ၁ ရက်နေ့မှစကာ ၅ ရက်လျှင်တစ်ကြိမ် သန့်စင်ပြီးသားကဏန်းပျော့ပိဿာချိန် ၇၀၀၀၀ ခန့်ထိ တင်ပို့ရောင်းချနေရပြီး စျေးနှုန်းအနေဖြင့် ဆိုဒ်အရွယ်အစားပေါ်မူတည်ကာ ၁ ကီလို (၆၂ ကျပ်သားခန့်) လျှင် ၁ဝဝဝဝ-၁၃ဝ၀၀ ကျပ်ဝန်းကျင်ထိ ရရှိနေသည်ဟု သိရသည်။ အဆိုပါဒေသတွင် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းကို နွေရာသီတွင် အဓိကလုပ်ကိုင်ကြပြီး မွေးမြူသည့်ကန်တစ်ကန်လျှင် လုပ်သားအနည်းဆုံး ၁၅ ဦးမှ ဦးရေ ၂၀ ထိ ငှားရမ်း ခေါ်ယူလုပ်ဆောင်နေရကာ မွေးမြူရေးလုပ်သားတစ်ဦးလျှင် တစ်လငွေကျပ် ၁၄၀၀၀၀ မှ ၂၀၀၀၀၀ ထိ ပေးရသည်ဟု သိရသည်။

Source: https://greenwaymyanmar.com

Category: Local News