Local News

ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာ၌ မြေအောက်ရေဖြင့် စိုက်ပျိုးထားသော နဂါးမောက်ပင်များ အောင်မြင်ဖြစ်ထွန်း

Last Updated:

     မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် နေ့စဉ်ဝင်ငွေရရှိရေး   ကာလတိုဟင်းသီး ဟင်းရွက်ပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး   ဥယျာဉ်ခြံမြေများတွင်  သရက်၊ မာလကာ၊ ပိန္နဲစသည့် နှစ်ရှည်သီးပင်များ စိုက်ပျိုးလျက်ရှိရာ သင်တောင်းကျေးရွာ၌ မြေအောက်ရေဖြင့် စိုက်ပျိုးထားသော နဂါးမောက်ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

      နဂါးမောက်သည် အဖြူမျိုး၊ အဝါမျိုးနှင့် အနီမျိုးဟူ၍ရှိပြီး အပင်ရေ ၂၀၀၀ ခန့်စိုက်ပျိုးပါက  မြေပြုပြင်ခြင်း၊  မျိုးစရိတ်၊ ကွန်ကရစ်တိုင်နှင့်   ငြမ်းပြုလုပ်ခြင်းများ အပါအဝင်   ငွေကျပ်  ၂၄၅  သိန်းခန့် ကုန်ကျကြောင်း၊ အပင်အပြုအစုကောင်းပါက အပင်သက်တမ်းတစ်နှစ်အရွယ်တွင် စတင်ဆွတ်ခူးရပြီး အပင်သက်တမ်း ၁၇ နှစ်အထိ ဆွတ်ခူးရောင်းချရကြောင်းနှင့် ယခုနှစ်တွင် မြေအောက်ရေဖြင့် စိုက်ပျိုးထားသော နဂါးမောက်ပင်များအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း နဂါးမောက်အနီ မျိုးစိုက်ပျိုးထားသည့် တောင်သူဦးစံမြင့်က ပြောသည်။

      နဂါးမောက်ပင် စိုက်ပျိုးပါက အကျယ် ၂ ပေ၊ အနက် ၂ ပေရှိ မြေကျင်းများတူးကာ သဘာဝမြေဆွေးများ ထည့်ထားပြီး အစိုဓာတ်ရရှိအောင်  ရေများဖျန်းပေးထားရသည်။  ထို့နောက်  စိတ်ကြိုက်မြေအနေအထားရပြီဆိုပါက  လေဝင်လေထွက်နှင့် နေရောင်ခြည်ကောင်းစွာရရှိစေရန် တစ်ပင်နှင့်တစ်ပင် ၆ ပေ၊ တစ်တန်းနှင့်တစ်တန်း ၇ ပေအကွာ စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး  သုံးလအကြာတွင်  အပင်ခြေများ၌ အာမိုမြေသြဇာနှင့် တီစူပါမြေသြဇာများ ရောစပ်ကာ ဟင်းစားဇွန်း ၅ ဇွန်းခန့် ဖြူးပေးရကြောင်း၊    နဂါးမောက်သည်   ရေကြိုက်သဖြင့် မြေအစိုဓာတ်မပြတ်  ရေသွင်းပေးရကြောင်းနှင့် ရာသီဥတုပူပြင်းလျှင် အကိုင်းအခက်များပေါ်တွင် ရေဖျန်းပေးပါက  အပင်ဖြစ်ထွန်းမှု   ပိုမိုကောင်းမွန်ကြောင်း သိရသည်။

Source: https://myawady.net.mm

Category: Local News